ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
မေ ၃ ရက်မှ မေ ၉ ရက်အထိ
အမေရိကန် ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်

၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်ကာဒီနယ် ရောဘတ်ပရီဗို့စ် ကို ရွေးချယ်လိုက်တယ်လို့ ဗာတီကန်နန်းတော်က ကြေညာလိုက်ပါတယ်။
ရောဘတ်ပရီဗို့စ်က ပုပ် လီယို ၁၄ ဘွဲ့တော်နဲ့ ပုပ်ရဟန်းမင်းကြီးအဖြစ် ခံယူသွားမှာပါ။
သက်တော် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ကာဒီနယ် ရောဘတ်ပရီဗို့စ်ဟာ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပေမဲ့ ပီရူးနိုင်ငံက သာသနာပြုလုပ်ငန်းတွေမှာပဲ နှစ်မြှုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ကမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့ကို ကာဒီနယ်ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ပရီဗို့စ်ဟာ ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း ချီကလာယိုမှာ ၂၀၁၅ ခုကနေ ၂၀၂၃ ခုအထိ သာသနာပြုလုပ်ငန်းတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းအဖြစ်ရွေးချယ်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့ ပြောပါတယ်။
Ref: BBC
……………………………………..
မြောက်ကိုးရီးယာက ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက မေလ ၈ ရက်နေ့က ပဲ့ထိန်းဒုံးကျည်တွေကို ပင်လယ်ထဲ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။
ဒါကို ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဒုံးကျည်တွေဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းပေါ်မှာ ပျံသန်းသွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်အများစုက တာတိုပစ်တွေဖြစ်ပြီး တစင်းကတော့ ၈၀၀ ကီလိုမီတာလောက်ကို အမြင့်ဆုံး အမြင့်ပေက ၁၀၀ လောက်နဲ့ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီဒုံးကျည်ကတော့ ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက် ဂျပန်ပင်လယ်မှာ ကျရောက်ခဲ့တယ်လို့ပြောပါတယ်။
ဒီလုပ်ရပ်က ဂျပန်နိုင်ငံရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။
Ref: DW
……………………………………..
အိန္ဒိယ-ပါကစ္စတန်ကြား တိုက်ခိုက်မှု အပြန်အလှန် ရှုတ်ချ

ပါကစ္စတန်စစ်တပ်ဟာ အိန္ဒိယရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ပြန်လည် လက်တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူကနေကြေညာလိုက်ပါတယ်။
အိန္ဒိယရဲ့ လုပ်ရပ်တွေက အကြောင်းမဲ့ အကြမ်းဖက်မှုဖြစ်ပြီး ရန်လိုမှုတွေဖြစ်တယ်လို့ ပြောဆိုထားတာပါ။
အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန်မှာ အရပ်သား ၃၆ ဦး သေဆုံးခဲ့ပြီး ၅၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယဘက်မှာလည်း ပါကစ္စတန်လက်နက်ကြီးတွေကြောင့် ၁၂ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လက အိန္ဒိယဘက် ကက်ရှ်မီးယားမှာ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူခရီးသွား ၂၆ ဦးသေဆုံးခဲ့တာနဲ့ ပက်သက်ပြီး နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး တင်းမာနေသလိုအပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။
ပါကစ္စတန်ဘက်ကတော့ အိန္ဒိယနိုင်ငံက ဂျက်လေယာဉ်တွေနဲ့ ဒရုန်းတွေကို လေကြောင်းပစ်လက်နက်တွေကနေ ပစ်ချထားပါတယ်။
Ref: BBC
……………………………………..
ဖင်လန်တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ထွက်ပြေးလွတ်မြောက်

ဖင်လန်နိုင်ငံမြောက်ပိုင်းရှိ ရိုဗာနီယယ်မီ လေဆိပ်အနီးမှာ မေ ၇ ရက်က ဖင်လန်လေတပ်ပိုင်တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ပါတယ်။
လေယာဉ်မှူးကတော့ လေယာဉ်ပေါ်က ခုန်ထွက်လွတ်မြောက်ခဲ့ပြီးနောက် ဆေးရုံကို ပို့ဆောင်ထားရတာပါ။
တိုက်လေယာဉ်ပျက်ကျပြီးတဲ့နောက် ရဲတွေက လေဆိပ်အသွားလမ်းကို ယာဉ်ကြောပိတ်ဆို့ထားပြီး လေဆိပ်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ထားခဲ့ပါတယ်။
ဒါပေမယ့်လဲ လေဆိပ်ကိုတော့ ဆက်ဖွင့်ထားခဲ့ပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
Ref: REUTERS
……………………………………..
ရုရှားနဲ့ ယူကရိန်း အကျဉ်းသား ၂၀၀ ကျော် လဲလှယ်

ယူအေအီးနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မေလ ၆ ရက်နေ့က ရုရှားနဲ့ ယူကရိန်းတို့ကအကျဉ်းသား ၂၀၅ ဦးကို လဲလှယ်ခဲ့ပါတယ်။
ယူကရိန်းစစ်သားတွေကို ပြန်ခေါ်လာနေပြီး အကူအညီအတွက် ယူအေအီးနိုင်ငံကို ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ထုတ်ပြန်ပါတယ်။
ယူကရိန်းရဲ့ စစ်မှုထမ်း ၂၀၂ ဦး၊ တပ်မတော်နဲ့ နိုင်ငံတော်အစောင့်တပ် အရာရှိ ၃ ဦးတို့ ပြန်လွတ်မြောက်လာတာပါ။
ရုရှားဘက်ကလည်း ပြန်လည်လွတ်မြောက်လာတဲ့ စစ်သား ၂၀၅ ဦးကို ကျန်းမာရေး ပြန်လည်စစ်ဆေးတာ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။
အခုလဲလှယ်မှုဟာ ၂၀၂၅ ခုနှစ်မှာ ငါးကြိမ်မြောက်ဖြစ်ပါတယ်။
တိုက်ပွဲစဖြစ်တည်းကဆိုရင် ၆၄ ကြိမ်မြောက်ဖြစ်တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။
Ref: AA
……………………………………..
ကနေဒါက ရောင်းကုန်မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ဒေါ်နယ်ထရမ့်ကိုပြော

ကနေဒါနိုင်ငံက ရောင်းကုန်တခု မဟုတ်ဘူးလို့ ရွေးကောက်ပွဲအနိုင်ရ ကနေဒါဝန်ကြီးချုပ် မတ်ခ်ကာနေးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံကို အမေရိကန်ရဲ့ ၅၁ ပြည်နယ်မြောက် ဖြစ်လာနိုင်တယ်လို့ပြောဆိုထားတာပါ။
ဒီပြောဆိုမှုနဲ့ ပက်သက်ပြီး မေလ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော်က ဆွေးနွေးမှုမှာ ကနေဒါဝန်ကြီးချုပ်က ပြန်လည်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီဆွေးနွေးမှုက ကနေဒါဝန်ကြီးချုပ် ကာနေးက ဧပြီ ၂၈ ရက်က ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပထမဆုံးအကြိမ် ထရမ့်နဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
သူတို့ ၂ ဦး ပြောဆိုမှုထဲမှာ ထရမ့်က ကနေဒါဟာ အမေရိကန်ရဲ့ ပြည်နယ်တစ်ခု ဖြစ်နိုင်တယ်ဆိုတဲ့ တိုက်တွန်းမှုကို ကာနေးက ရောင်းရန် မဟုတ်ဘူးလို့ ဆိုပါတယ်။
ထရမ့်ကတော့ ဘယ်တော့မှ မရောင်းဘူးလို့ မပြောနဲ့လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
Ref: DW
……………………………………..
အင်္ဂလန်မှာ ကင်ဆာကာကွယ်နိုင်တဲ့ ဆေးစထိုး

အင်္ဂလန်နိုင်ငံဟာ ဥရောပတိုက်မှာ ပထမဆုံးအဖြစ် ကင်ဆာ ၁၅ မျိုးကို ကာကွယ်ပေးနိုင်တဲ့ဆေးတစ်မျိုး ထိုးနှံပေးတော့မှာဖြစ်ပါတယ်။
Opdivo လို့ အမည်ရတဲ့ အဲဒီဆေးဟာ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာအပါအဝင် ကင်ဆာရောဂါ ၁၅ မျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး ဆေးထိုးနှံဖို့လည်း အချိန် ၃မိနစ်ကနေ ၅ မိနစ်ကြားပဲ ကြာမြင့်မှာပါ။
အခုလို ဆေးထိုးနှံမှုကြောင့် တစ်နှစ်ကို လူနာ ၁၅၀၀၀ အထိ အကျိုးသက်ရောက်မှု ရှိစေနိုင်မယ်လို့ ခန့်မှန်းထားတာပါ။
ဆေးရုံတွေရဲ့ လုပ်ငန်းဆောင်တာကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
ဒီဆေးက ကိုယ်ခံအားစနစ်မှာရှိတဲ့ ကင်ဆာဆဲလ်တွေကို ခွဲခြားဖော်ထုတ်ပြီး တိုက်ဖျက်နိုင်စေတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း စည်းမျဉ်းထိန်းသိမ်းရေးအေဂျင်စီ (MHRA)က ထောက်ခံပေးထားပါတယ်။
Ref: The Guardian
……………………………………..