BREAKING
May 9, 2025

ကမြောကင်းတံတားဂိတ် ဖွင့်ချိန်နောက်ကျ၍ ဈေးသည်များအခက်ကြုံ

May 9, 2025

ထားဝယ်မြို့နှင့်လောင်းလုံးမြို့ကို ဖြတ်သန်းဆက်သွယ်ထားသည့် ထားဝယ် မြစ်ကူးတံတားဖြစ်သော ကမြောကင်းတံတားဖွင့်ချိန်သည် ယခုရက်ပိုင်း နောက်ကျနေခြင်းကြောင့် ထားဝယ်မြို့သို့ ဈေးဝယ်သွားသည့် နယ်ဈေးသည်များ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။

ယခင်က ကမြောကင်းတံတားကို နံနက် ၅ နာရီခွဲခန့်တွင် ပုံမှန်ဖွင့်ပေးလေ့ရှိသော်လည်း မေလ ၈ ရက်နေ့မှစ၍ နံနက် ၆ နာရီ ကျော်မှ ဖွင့်လှစ်ပေးခြင်းကြောင့် ထားဝယ်မြို့ပေါ် ရှိ ကမ်းနားဈေးသို့ စျေးဝယ်ရန် သွားမည့်ဈေးသည်များ ယခုရက်ပိုင်းအခက်ကြုံနေရကြောင်း လောင်းလုံးမြို့နယ်မှ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“တံတားဖွင့်ချိန် နောက်ကျတော့ ဈေးဝယ်ရတာအဆင်မပြေဘူး။ ဈေးရောက်သွားတဲ့အချိန်မှာ ဈေးဝယ်စရာ စုံစုံလင်လင်မရတော့ဘူး”ဟု ယင်းအမျိုးသမီးကပြောသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထားဝယ်မြိုမှ သရက်ချောင်းမြို့နယ်ဘက်သို့ သွားသည့် လမ်းပိုင်းတွင်ရှိသော ထားဝယ်မြစ်ကူးတံတား တစ်စင်းဖြစ်သည့် ပေါက်တိုင်းတံတားစစ် ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်းနောက် မေလ ၈ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်သည် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို ပုံမှန်ဖွင့်ချိန်ထက် နာရီဝက်ကျော်နောက်ကျပြီးမှ ဖွင့်ပေးခဲ့ကြောင်း ဒေသခံခရီးသွားများနှင့် ဈေးသည်များကပြောသည်။

“မနက်ပိုင်း အဆင်မပြေတော့လို့ ညနေဘက်ဈေးဝယ်ပြီး နယ်မှာ မနက်ပြန်ရောင်း လုပ်နေရတယ်”ဟု လောင်းလုံးမြို့နယ်မှ အခြားဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ကမ်းနားဈေးတွင် ထားဝယ်၊သရက်ချောင်း၊ရေဖြူ၊ လောင်းလုံးဘက်မှ လာသည့် ဒေသထွက် ဟင်းသီးဟင်းရွက်များနှင့် ကိုင်းသီးနှံများကို နယ်ဈေးသည်များစုံချိန် နံနက်စောစောတွင်သာ အများအားဖြင့် လက္ကားရောင်းချလေ့ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူပေါင်းတပ်များလာရောက်တိုက်ခိုက်ခဲ့ပြီးနောက် တံတားဖွင့်ချိန် ကိုလည်း စစ်ကောင်စီတပ်က ရက်ပိုင်းအကြာ ကန့်သတ်ထားခဲ့သေးသည်။

ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်ရှိ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်၊ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်များကိုမူ ပုံမှန်အတိုင်း နံနက် ၆ နာရီတွင် ဖွင့်လှစ်ပေးကြောင်း ‌မြို့ခံများကပြောသည်။