ကယန်းကျားသစ်မလေး ဟု ချစ်စနိုးတင်စားခေါ်ဝေါ်ကြသည့် ဗရော်နီကာ သည် ယနေ့ညတွင် ဒုခေါင်ပွဲစဉ်အဖြစ် ပွဲထိုးရလိမ့်မည်ဖြစ်ပြီး ယင်းအတွက် ဗရော်နီကာ၏ပွဲစဉ်ကို ညနက်ပိုင်းသို့ ရောက်ရှိမှသာ ကြည့်ရှုရဖွယ်ရှိနေပြီဖြစ်သည်။
ဗရော်နီကာ သည် အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ထိုင်းဖိုက်တာမလေး ဂျူနီယာ ဖဲတက် ကို ပြိုင်ဘက်အဖြစ် ထိုးရမည်ဖြစ်ပြီး ယနေ့ညတွင် ကျင်းပမည့် ONE Friday Fights 107 တွင် ပွဲစဉ်စုစုပေါင်း ၁၂ ပွဲ ပါဝင်လျက်ရှိသည်။
ဗရော်နီကာနှင့် ဂျူနီယာ ဖဲတက် တို့သည် ၁၁ ပွဲ ပွဲစဉ်အဖြစ် အားပြိုင်ကြရမည်ဖြစ်ပြီး ပွဲစဉ် ၇ ပွဲထိုးရာတွင် ၇ ပွဲလုံး အနိုင်ရထားသော ဂျူနီယာ ဖဲတက် ကို အနိုင်ထိုးပြနိုင်မည်ဟု ဗရော်နီကာက ကြုံးဝါးပြောဆိုထားသည်။
ဂျူနီယာ ဖဲတက် သည် ဗရော်နီကာ ကို အနိုင်ရရှိခဲ့ပါက ၈ ပွဲထိုး၊ ၈ ပွဲနိုင် မှတ်တမ်းကောင်းနှင့်အတူ အမေရိကန်ဒေါ်လာ တစ်သိန်းတန်စာချုပ်ကြီးကိုလည်း ရရှိပိုင်ဆိုင်သွားနိုင်သည်ဟု သတင်းထွက်ပေါ်နေသည်။
ဗရော်နီကာနှင့် ဂျူနီယာ ဖဲတက်တို့၏ပွဲစဉ်သည် အချိန်အားဖြင့် နောက်ကျဖွယ်ရှိနေပြီး မြန်မာစံတော်ချိန်အရ ည ၁၁ နာရီဝန်းကျင်ဖြစ်ဖွယ်ရှိနိုင်သည်။