မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ဆိုင်းငံ့ခဲ့သည့် ဓမ္မာစရိယစာမေးပွဲနှင့် ကျင်းပရန်စီစဥ်ထားသော ပထမပြန်စာမေးပွဲများကို ဇွန်လဆန်းတွင် ပြန်ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနက ယနေ့ မေလ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည် ။
ဖြေဆိုဆဲ ဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၂ ရက်မှ ၆ ရက်အထိ ပြန်ကျင်းပမည်ဖြစ်ပြီး ငလျင်မတိုင်မီ ဖြေဆိုထားသည့် ကျမ်း ၂ ကျမ်းကို ပြန်လည်ဖြေဆိုရန် မလိုတော့ကြောင်း စာမေးပွဲကြီးကြပ်ဆရာတော်များထံမှ သိရသည်။
“ငလျင်လှုပ်ပေမယ့် စာဖြေဌာနတော်တော်များများက စာမေးပွဲအချိန် ပြီးသွားကြတယ်။ စစ်ကိုင်းနဲ့ မန္တလေးလို ငလျင်ထိတဲ့ ဒေသတွေတော့ ဖြေရင်းတန်းလန်း ပိတ်မိတာမျိုးဖြစ်ကြတယ်။ ငလျင်ဒဏ်သင့် စာဖြေဌာနတွေအတွက် ကုစားအနေနဲ့ ဒုတိယကျမ်း ပထမရက်အောင်ရင် တစ်ကျမ်းလုံးအအောင်ပေးဖို့ စီစဥ်ထားတယ်လို့ သိရတယ်” ဟု မြိတ်စာဖြေဌာန ကြီးကြပ်ဆရာတော်တစ်ပါးက မိန့်ကြားသည်။
အခြေပြုတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းများ ဖြေဆိုရမည့် ပထမပြန်စာမေးပွဲကိုမူ ဇွန်လ ၄ ရက်မှ ၁၀ ရက်အထိ ပြန်ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနက ကြေညာထားသည်။
မတ်လ ၂၈ ရက် ငလျင်လှုပ်ပြီးနောက် မတ်လ ၂၉ ရက်တွင် စစ်ကောင်စီက ဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲ များကို ရပ်နားကြောင်းကြေညာခဲ့ပြီး ဧပြီလဆန်းတွင် ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၏ အစည်းအဝေးက စာမေးပွဲများ ပြန်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ငလျင်ကြောင့် မန္တလေးမြို့ ရှိ ဓမ္မာစရိယ စာမေးပွဲစာဖြေဌာနဖြစ်သည့် ဦးလှသိန်းဗိမာန်၏ တိုးချဲ့ဆောင် ပြိုကျကာ စာဖြေရဟန်းနှင့် ကြီးကြပ်ရဟန်း အပါးရာချီပိတ်မိခဲ့ပြီး အပါးငါးဆယ်ခန့် ပျံလွန်တော်မူခဲ့သည်။
တနင်္သာရီတိုင်းတွင် ထားဝယ်၊ မြိတ်နှင့် ကော့သောင်း စာဖြေဌာန သုံးခုဖြင့် ဓမ္မာစရိယနှင့် ပထမပြန် စာမေးပွဲများကို ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း စာမေးပွဲ ကြီးကြပ်ဆရာတော်များထံမှ သိရသည်။