ရန်ပုံငွေ မသေချာ မရေရာမှုများကြောင့် RFA မြန်မာပိုင်းအစီအစဉ်များထုတ်လွှင့်မှုများကို လုံးဝ ရပ်နားတော့မည် ဖြစ်ကြောင်း RFA မြန်မာပိုင်းက ယနေ့ မေလ ၉ရက်တွင် ကြေညာသည်။
“ကျွန်တော်တို့ RFA မြန်မာပိုင်းအစီအစဉ်တွေ လုံးဝ ရပ်နားရပါတော့မယ်။ ပရိသတ်များအားလုံးကို ဝမ်းနည်းစွာနဲ့ပဲ နှုတ်ဆက်စကား ဆိုရပါတော့မယ်” ဟု RFA မြန်မာပိုင်း၏ ဌာနမှူး ဦးကျော်ကျော်အောင်က ပြောဆိုသည်။
RFA မြန်မာပိုင်းအစီအစဉ်ကို နှစ်ပေါင်းများစွာ နားဆင်ခဲ့ကြသည့် ပရိသတ်များ၏ အားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိကြောင်းကြေညာချက်တွင် ဖော်ပြသည်။
VOA နှင့် RFA သတင်းဌာနများကို ငွေကြေးထောက်ပံ့နေသည့် အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) ကို လုပ်ငန်းအဆုံးစွန်ထိ လျှော့ချရန် မတ်လ ၁၅ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန်သစ် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် VOA မြန်မာပိုင်းသတင်းဌာန၏ ထုတ်လွှင့်မှုအစီအစဉ်အားလုံးကို ခေတ္တရပ်နားကြောင်း မတ်လ ၁၆ရက်တွင် ကြေညာခဲ့သည်။ RFA မြန်မာပိုင်းကမူ ထုတ်လွှင့်မှုအစီအစဉ်အများစုကို လျှော့ချကာ ဝန်ထမ်းအနည်းငယ်ဖြင့်သာ သတင်းလုပ်ငန်း ဆ
ထရမ့်အစိုးရက ပိတ်ပင်တားဆီးခဲ့သည့် VOA ၊ RFA ၊ MBN ၊ OTF သတင်းဌာနတို့ကို ပုံမှန်ပြန်လည် လည်ပတ်ခွင့် ပြုရန် အမေရိကန်ပြည်ထောင်စုတရားသူကြီး ရွိုက်စ်လမ်းဘတ်က ဧပြီလ ၂၂ရက်တွင် အမိန့်ချမှတ်ခဲ့သေးသည်။
သို့သော်လည်း လုပ်ငန်းများ ပြန်လည် မလည်ပတ်နိုင်ဘဲ RFA မြန်မာပိုင်းကမူ လုပ်ငန်းလုံးဝ ရပ်နားကြောင်း ယနေ့ ကြေညာခဲ့ခြင်းဖြစ်သည်။
မျှော်လင့်မထားဘဲ ရန်ပုံငွေ ပယ်ဖျက် ရုပ်သိန်းမှုနှင့် ရင်ဆိုင်လိုက်ရပြီး RFA မြန်မာပိုင်းအစီအစဉ် ပြန်လည်ထုတ်လွှင့် နိုင်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း ဦးကျော်ကျော်အောင်က ပြောသည်။