အိန္ဒိယဘက်မှ တိုက်ခိုက်လာသည့် ဒရုန်း ၂၅ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
ယင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အိန္ဒိယကို နောက်ထပ်လက်တုံ့ပြန် တိုက်ခိုက်သွားမည့်အရေးမှာ ပိုမိုသေချာသွားပြီဟု ပါကစ္စတန်စစ်တပ်က ဆိုသည်။
ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသရှိ နေရာ ၉ ခုကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဆယ်စုနှစ်နှစ်ခုစာအတွင်း အဆိုးရွားဆုံး စစ်ရေးပဋိပက္ခ ပေါ်ပေါက်လျက် ရှိသည်။
ပါကစ္စတန်နိုင်ငံ နေရာအနှံ့သို့ အိန္ဒိယဘက်မှ တိုက်ခိုက်လာသည့် အစ္စရေးထုတ် Harop ဒရုန်း အစီးရေ ၂၅ စီးကို ပစ်ချခဲ့နိုင်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
အိန္ဒိယဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ နောက်ထပ်ကျူးကျော်ရန်စမှုလုပ်ရပ်တစ်ခုကို ထပ်မံပြသလိုက်ခြင်း ဖြစ်သည်ဟု ပါကစ္စတန်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် အာမက်ရှာရစ်ချောင်ဒရီက ဆိုသည်။
ဒရုန်းတစ်စီးမှာ လာဟိုးမြို့ရှိ စစ်စခန်းတစ်ခုကို ထိမှန်ခဲ့ပြီး ပါကစ္စတန်တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ၎င်းက ပြောသည်။
ပါကစ္စတန်နိုင်ငံ ၊ ဆင်းဒ်ပြည်နယ်တွင်လည်း အိန္ဒိယဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရပြီး နောက်ထပ်အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မိမိတို့ဘက်မှ နောက်ထပ်လက်တုံ့ပြန်တိုက်ခိုက်သွားရန် ပိုမိုသေချာသွားပြီဟု ပါကစ္စတန်စစ်တပ်က ဆိုသည်။
ပါကစ္စတန်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယဘက်က ထုတ်ပြန်ထားသော်လည်း ဒရုန်းများ အသုံးပြုခဲ့ခြင်းရှိမရှိဆိုသည်ကိုမူ ဖော်ပြခြင်း မပြုခဲ့ပေ။
လက်ရှိအချိန်အထိ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် နှစ်ဘက်စလုံးမှ အနည်းဆုံး လူ ၄၅ ဦး သေဆုံးပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။
အိန္ဒိယ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူများအတွက် ကလဲ့စားချေတုံ့ပြန်သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်က နိုင်ငံသို့ ကတိပြုထားသည်။
Source: ABC News