BREAKING
May 9, 2025

ထားဝယ်တွင် ကွမ်းသီးခြောက် အမြင့်ဆုံးစျေးရောက်

May 9, 2025

ထားဝယ်တွင် ကွမ်းသီးနုရာသီအစ မေလ ပထမပတ်အတွင်း ကွမ်းသီးခြောက် အခြမ်း တစ်ပိသာ နှစ်သောင်းခွဲကျပ်အထိ ဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည်နှစ်က ထားဝယ်ဒေသ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များတွင် ကွမ်းသီးနု စျေးကောင်းသည့်အတွက် ခူးယူ ရောင်းချ သူများသဖြင့် ကွမ်းသီးခြောက် ထွက်ရှိမှုနည်းပြီး စျေးတက်နေခြင်းဖြစ်ကြောင်း ထာဝယ်မြို့ ရှိ ကွမ်းသီးပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကွမ်းသီးခြောက်မှာ တောင်သူများလက်ထဲတွင် ကုန်ခါနီးဖြစ်နေပြီ ဖြစ်သဖြင့် လတ်တလောတွင် စျေးပိုမိုတက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲသည့် ဇန်နဝါရီလနှင့် ဧပြီလကြားတွင် ကွမ်းသီးခြောက်အခြမ်း တစ်ပိသာ ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ကြားတွင်သာ စျေးရှိခဲ့ကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောဆိုသည်။

“အခုစျေးက အမြင့်ဆုံးလို့ ပြောလို့ရမယ်။ ပြီးခဲ့ရာသီက ကွမ်းသီးနု ဆွတ်ရောင်းကြတာများလို့ ဒီနှစ်ပစ္စည်းလည်း နှစ်တိုင်းထက်နည်းတယ်” ဟု ၎င်းက ပြောသည်။

ထား၀ယ်၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် ပြီးခဲ့သည့် နှစ်ကစပြီး တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေခြင်းကြောင့် ကွမ်းသီး တောင်သူများမှာ ကွမ်းသီးနု ဆွတ်ရောင်းသူပိုများခဲ့သည်။

ယခုနှစ် ရေဖြူမြို့နယ် နဘုလယ်ဒေသ၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သည် နဘုယ်ဒေသအတွင်း မကြာခဏ စစ်ကြောင်းထိုးနေ၍ ဒေသခံတောင်သူများမှာ ငွေပေါ်မြန်သည့် ကွမ်းသီးနု ဆွတ်ရောင်းမှုများနေကြကြောင်း နဘုလယ်ဒေသခံတစ်ဦးက ဆိုသည်။

“အခု (ကွမ်းသီးနု) လာဝယ်နေကြပြီ။ (ကွမ်းသီးခြောက် စျေးတက်ချိန်စောင့်ရောင်းတာက) ဒီဘက်မှာက ငွေခံရှိသူ (ငွေပို ငွေလျှံရှိသူ) လောက်ပဲ ကွမ်းသီးအခြောက်လုပ်တယ်။ ငွေပေါ်မြန်လိုသူတွေက နုချိန်ကတည်းက ခူးပြီး ရောက်ကြတာ များတယ်” ဟု နဘုလယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လတွင် ကွမ်းသီးနု တစ်ပိသာ ၁၂၀၀၀ ကျပ်ခန့်ရ၍ စျေးကောင်းရသည့်အတွက် ထားဝယ်ခရိုင်တွင် ကွမ်းသီးနု ဆွတ်ယူသူများခဲ့သည်။

ယခုနှစ်တွင်လည်း မေလမှစ၍ ဆိုဒ်ဝင်သည့် ကွမ်းသီးနု အရည်သောက်တစ်လုံးကို ငွေကျပ် ၆၀ မှ ၇၀ ကျပ်လောက်အထိ စတင်ပေးဝယ်နေကြောင်း ကွမ်းစိုက်တောင်သူများနှင့် စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။