ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်နှစ်ဦး ထွက်ပြေးလွတ်မြောက်

April 9, 2026

သရက်ချောင်းမြို့နယ်တွင် စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးစုဆောင်းခံရပြီး ရက်ပိုင်းအတွင်း ထွက်ပြေးလွတ်မြောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ဗျူဟာ ၃၃/၃၄ ၏ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ကိုမင်းထက်က ပြောသည်။

စစ်မှုထမ်းစုဆောင်းခံရသူ လူငယ်အမျိုးသားနှစ်ဦးသည် သရက်ချောင်းမြို့နယ် ဒေသခံများဖြစ်ကြပြီး ပြီးခဲ့သည့် တစ်ပတ်ခန့်က စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခံရကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရပြီးနောက် စစ်သင်တန်းသို့ ပို့ဆောင်ထားချိန် ဧပြီလ ၇ ရက်တွင် ထွက်ပြေးလွတ်မြောက်လာကြောင်း ကိုမင်းထက်က ပြောဆိုသည်။

“သူတို့ စုဆောင်းခံရတဲ့ဖြစ်စဉ်က ငါးရက်၊ ခြောက်ရက်လောက်ရှိပြီပေါ့။ အဲဒီ ငါးရက်၊ ခြောက်ရက်လောက်အတွင်းမှာပဲ ဒီ ခလရ ၂၇၃ တပ်ရင်းကို အပို့ခံရတယ်ပေါ့နော် စစ်သင်တန်းတက်ဖို့အတွက်” ဟု ကိုမင်းထက်က ပြောသည်။

စစ်အာဏာရှင်ခြေလျင်တပ်ရင်း ခလရ-၂၇၃ သည် ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက်ဖြစ်သည်။

အဆိုပါလူငယ်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် ထွက်ပြေးလွတ်မြောက်မှု အခြေအနေအသေးစိတ်ကို လုံခြုံရေးအခြေအနေ ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း ကိုမင်းထက်က ဆိုသည်။

ထွက်ပြေးလွတ်မြောက်လာသည့် လူငယ်အမျိုးသားနှစ်ဦးသည် လက်လုပ်လက်စား အရပ်သားပြည်သူများဖြစ်ကြပြီး ၎င်းတို့နှစ်ဦးကို မိဘများထံ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြေင်း ကိုမင်းထက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးထားသည်။

စစ်အာဏာရှင်တပ်သည် တနင်္သာရီတိုင်းအတွင်း လူငယ်အမျိုးသားများကို အဓမ္မစစ်မှုထမ်းခိုင်းစေရန် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။ ထားဝယ်မြို့တွင်ဆိုလျှင် မြို့အဝင်၊ အထွက် ဂိတ်များတွင် လူငယ်များကို ဖမ်းဆီးသည့် အပြင် နေအိမ်များသို့လည်း ညဘက် ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်။

ယင်းအပြင် စစ်ကြောင်းထိုးနေသည့် ကျေးလက်ဒေသများတွင်လည်း ဖမ်းဆီးခံရသည့် လူငယ်များကို စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။