ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကင်းလှည့်လာသည့် စစ်ကောင်စီတပ်လှေတစ်စီးကို တော်လှန်ရေးတပ်များ တိုက်ခိုက်

April 9, 2026

ကော့သောင်းမြို့နယ်မှ ခမောက်ကြီးမြို့နယ်သို့ ချောင်းတစ်လျှောက် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်လှေတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဧပြီလ ၇ ရက် နေ့လယ် ၂ နာရီတွင် ကော့သောင်းမြို့နယ်မှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ရေလမ်းမှ ခမောက်ကြီးမြို့နယ် မလိဝမ်းချောင်း၊ ဒေသအခေါ် (တိုက်ဖြူ) တွင် စောင့်ကြို၍ တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေလမ်းအတိုင်း တက်လာသည့် စစ်ကောင်စီတပ်၏ သစ်သားလှေကို တော်လှန်ရေးတပ်က တိုက်ခိုက်ရာ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သားများ အထိနာကာ ပြန်လည်ဆုတ်ခွာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ကဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း၊ အရေအတွက်ကို အတိအကျ မသိရသေးကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ရဲဘော်ကျားကြီးက ဆိုသည်။

“ထိတာက တော်တော်များများ ထိတယ်။ နောက်ပိုင်း သူတို့ဘက်က ပြန်မပစ်နိုင်တော့လို့ လှည့်ပြေးသွားကြတယ်။ အရင်ကတော့ အမြဲလိုလို လာတယ်။ အခုနောက်ပိုင်းတော့ မလာတာကြာပြီ။ ကင်းပဲလှည့်လှည့်၊ စစ်ကြောင်းပဲထိုးထိုး လာတိုင်း အထိနာနေတော့ အခုနောက်ပိုင်း သိပ်မလာတော့ဘူး” ဟု အထက်ပါ သတင်းတာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယခုဖြစ်စဉ်ကြောင့် ကော့သောင်းမြို့နယ်အတွင်း စစ်ရေးအရှိန် မြင့်လာနိုင်သဖြင့် ဒေသခံပြည်သူများ စစ်ရေးသတိ အမြဲရှိရန် လိုကြောင်း ၎င်းကဆိုသည်။