ဟော်မုဇ်ရေလက်ကြားတွင် ပစ်ခတ်ခံရသော ထိုင်းကုန်တင်သင်္ဘောပေါ်က ပျောက်ဆုံးနေသော သင်္ဘောသားသုံးဦး သေဆုံးပြီဖြစ်ကြောင်း ထိုင်းအစိုးရက ဧပြီလ ၈ ရက်နေ့က အတည်ပြုထုတ်ပြန်သည်။
အိုမန်နိုင်ငံအနီး ဟော်မုဇ်ရေလက်ကြားတွင် ပစ်ခတ်ခံရသော ထိုင်းအလံတင် Mayuree Naree သင်္ဘောပေါ်က ပျောက်ဆုံးနေသော သင်္ဘောသားသုံးဦး သေဆုံးပြီဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က အတည်ပြုပြောဆိုသည်။
ထိုင်းအလံတင် Mayuree Naree သင်္ဘောသည် ယူအေအီးနိုင်ငံဆိပ်ကမ်းက ထွက်ခွာလာခဲ့ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ ဆိပ်ကမ်းသို့ ထွက်ခွာလာစဉ် မတ်လ ၁၁ ရက်နေ့က ပစ်ခတ်ခံရခြင်းဖြစ်သည်။
ပစ်ခတ်ခံရစဉ် အင်ဂျင်ခန်းထဲတွင် အလုပ်လုပ်ကိုင်နေသော သင်္ဘောသားသုံးဦး ထိမှန်ခဲ့ပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
သင်္ဘောပေါ်တွင် ထိုင်းသင်္ဘောသား ၂၃ ဦး လိုက်ပါလာပြီး သင်္ဘောသား၂၀ ဦးကို အိုမန်ရေတပ်က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးနေသော သင်္ဘောသား သုံးဦးကို ဆက်တိုက်ရှာဖွေနေခဲ့ရာ မီးလောင်ထားသောအခန်းထဲတွင် ရုပ်ကြွင်းများကိုသာ ရှာတွေ့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
သေဆုံးသွားသူများအတွက် နိုင်ငံခြားရေးဝန်ကြီးက ဝမ်းနည်းကြောင်း ပြောထားပြီး နစ်နာကြေးကိစ္စများကို တာဝန်ယူပေးမည်ဖြစ်ကြောင်း ဆိုသည်။
ဟော်မုဇ်ရေလက်ကြား၌ ထိုင်းကုန်တင်သင်္ဘော ၉ စင်း ပိတ်မိနေဆဲဖြစ်ပြီး ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး လာမည့် ဧပြီလလယ်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးက အိုမန်သို့ သွားရောက်၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: REUTERS, The Nation Thailand







