ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်အနီး ကန်စစ်သင်္ဘောနှင့် လေယာဉ်များ ဆက်ထားမည်ဟု ထရမ့်ပြော

April 9, 2026

အီရန်နိုင်ငံအနီးတဝိုက်တွင် အမေရိကန်စစ်သင်္ဘောများနှင့် လေယာဉ်များကို ဆက်လက်တပ်စွဲထားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၈ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်နှင့် ရရှိထားသော သဘောတူညီချက်များကို အီရန်ဘက်က အပြည့်အဝ လိုက်နာခြင်းမရှိပါက အမေရိကန်ဘက်က တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟုလည်း ၎င်းက ခြိမ်းခြောက်သည်။

“စစ်မှန်တဲ့ သဘောတူညီချက်ကို (အီရန်ဘက်က) အပြည့်အဝ လိုက်နာဆောင်ရွက်လာချိန်အထိ အမေရိကန် စစ်သင်္ဘော‌ တွေ၊ လေယာဉ်တွေ၊ တပ်ဖွဲ့ဝင်တွေကို ခဲယမ်းမီးကျောက် လက်နက်အင်အားအပြည့်အစုံနဲ့ အီရန်နိုင်ငံ ပတ်ဝန်းကျင်မှာ ဆက်လက်ထားရှိသွားမှာပါ” ဟု သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

“ဖြစ်နိုင်ခြေ သိပ်နည်းပေမယ့် တကယ်လို့ အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် လိုက်နာမှု မရှိခဲ့ရင် အရင်က ဘယ်သူမှ မမြင်ဖူးလောက်အောင် ပိုကြီးမားပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ စတင်ပါမယ်” ဟု ၎င်းက ပြောဆိုသည်။

ကြားဝင်စေ့စပ်မှုကြောင့် အမေရိကန်နှင့် အီရန်ကြား ၁၄ ရက်ကြာ အပစ်အခတ်ရပ်စဲရန် ဗုဒ္ဓဟူးနေ့တွင် သဘောတူခဲ့ကြပြီး ယင်းနေ့တွင်ပင် အစ္စရေးက လက်ဘနွန်နိုင်ငံကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်းရာချီ သေဆုံးခဲ့ရသည်။

ယင်းနောက် အီရန်က အမေရိကန်နှင့် အမြဲတမ်း ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် ဆွေးနွေးမှုများ ဆက်လုပ်ခြင်းမှာ “အဓိပ္ပာယ်မရှိ” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

အစ္စရေးက လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီဟု အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အီရန်၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်အကြား သဘောထားကွဲလွဲမှုများ ရှိနေပုံရကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှု ရပ်တန့်ရန် သဘောတူညီခဲ့ကြောင်း သမ္မတထရမ့်က ဆိုသည်။

သို့ရာတွင် အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘတ်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အီရန်အနေဖြင့် ယူရေနီယ်ဆက်လက်သန့်စင်ခွင့် ရှိသည်ဟု ပြောဆိုသည်။

Source: Reuters