ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဝင်းဝစခန်းအနီးဝန်းကျင်ရှိ စုံစင်ဖျားရွာကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ရွာအချို့ကို စစ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်

April 9, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းတွင် တည်ရှိသည့် ဝင်းဝစခန်းအနီးဝန်းကျင်ရှိ စုံစင်ဖျားကျေးရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ် ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။

ဧပြီလ ၇ ရက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၄ နာရီခန့်တွင် K8W ဂျက်တိုက်လေယာဉ်ဖြင့် စုံစင်ဖျားရွာကို ပေါင် ၂၅၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။

စုံစင်ဖျားရွာသည့် ဝင်းဝစခန်း၏ မြောက်ဘက်တွင်တည်ရှိပြီး မျဉ်းအဖြောင့်တိုင်းလျှင် လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။

ဧပြီလ ၈ ရက်ကလည်း ကနက်သီရိရွာအနောက်ဘက် ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်အဏာရှင်တပ် စစ်သင်္ဘောက သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်းက ကျေးရွာများကို လက်နက်ကြီးဖြင့် အလုံးရေ ၂၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။

ကနက်သီရိသည် ဝင်းဝရွာ၏ အနောက်ဘက်အဖြောင့်တိုင်းလျှင် ခြောက်မိုင်ကျော် အကွာတွင်ရှိသည်။

စစ်သင်္ဘောကပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွင် အရပ်သား ထိခိုက်မှု ရှိမရှိ မသိရသေးကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်တပ်ဘက်က အခုလို အရပ်သားတွေနေတဲ့ ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ တွေကြောင့် ပြည်သူတွေမှာ ကောင်းရောင်းကောင်းဝယ် အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်လို့မရဘဲ ကျီးလန့်စာစား နေကြရတာပေါ့ဗျာ” ဟု အထက်ပါအမျိုးသားက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက ဝင်းဝစခန်းကို တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက် မတ်လ ၁၁ ရက်တွင် စခန်းကို သိမ်းယူနိုင်ခဲ့သည်။

ယင်းသို့ သိမ်းယူပြီး ရက် ၂၀ ခန့်အကြာတွင် စစ်အာဏာရှင်တပ် ဝင်းဝစခန်းသို့ ပြန်လည်ရောက်ရှိလာကာ ဖြန့်ကျက် စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။

“ဝင်းဝ စခန်းမှာ စစ်အင်အား နှစ်ရာကျော် သုံးရာနီးပါးတပ်ပြန်စွဲထားတယ်တဲ့” ဟု ဝင်းဝရွာမှ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်မှ ဧပြီလ ၇ ရက်အထိ စစ်အာဏာရှင်တပ်က သရက်ချောင်းမြို့နယ်အောက်ပိုင်းရှိ ကျေးရွာ ၁၃ ရွာခန့်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က အရပ်သားပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဝင်းဝစခန်းနှင့် အနီးဝန်းကျင်မှာ တပ်ဖြန့်နေရာယူထားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းများကို KNLAနှင့် PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများ နေ့စဉ်နီးပါး လုပ်ဆောင်နေသဖြင့် နှစ်ဖက်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

တပ်ဖြန့်စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် အရပ်သားပြည်သူအချို့ကို ဖမ်းဆီးခဲ့ပြီး အရပ်သားပြည်သူများ ပိုင်ဆိုင်သည့် ဆိုင်ကယ်များကိုလည်း သိမ်းဆည်းယူဆောင်ကာ ငွေကြေးဖြင့် လာရောက်ထုတ်ယူခိုင်းခဲ့သည်။