ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကလိန်အောင် - မလွှဲတောင်လမ်းပိုင်း မရမ်းချောင်းရွာတွင် ထိတွေ့တိုက်ပွဲဖြစ်

April 9, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ မရမ်းချောင်းရွာအဝင်တွင် ယနေ့ ဧပြီလ ၉ရက် နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကလိန်အောင်မြို့ဘက်မှ မလွှဲတောင်ဘက်သို့ လာသည့်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာမှ နံနက် ၉ နာရီဝန်းကျင်တွင် ထိတွေ့ပစ်ခတ်မှု စဖြစ်ပြီး ပစ်ခတ်မှု ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“လက်နက်ငယ်အသံတွေရော၊ လက်နက်ကြီးအသံတွေရော ကြားရတယ်။ မရမ်းချောင်းအဝင်မှာ ဖြစ်သွားတာ။ ကော့လှိုင်ရွာဘက်က တက်လာတဲ့ စစ်တပ်စစ်ကြောင်းအဝင်မှာ ပစ်ခံရပြီး အပြန်အလှန်ပစ်ကြတာ” ဟု မရမ်းချောင်းရွာသားတစ်ဦးက ပြောဆိုသည်။

ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းသည် ရန်ကုန်-ထားဝယ်လမ်းပေါ်တွင် ရှိသည်။

တိုက်ပွဲဖြစ်စဥ်နှင့် ထိခိုက်မှု အခြေအနေများကို မေးမြန်းရန် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုများထံမေးမြန်းရာ စုံစမ်းနေဆဲဖြစ်ကြောင်း ဖြေကြားသည်။

“မနေ့ကတော့ (စစ်အာဏာရှင်တပ်) စစ်ကြောင်းပျောက်နေတယ်။ အဲဒါနဲ့ ထိတွေ့မှုဖြစ်တာ ဖြစ်နိုင်တယ်။ ဖြစ်စဥ် အသေးစိတ် မသိရသေးဘူး” ဟု မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ မရမ်းချောင်းရွာတွင် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် မတ်လနှောင်းပိုင်းတွင် ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ ကျေးရွာများကို စစ်ကြောင်း ထိုးခဲ့ပြီး မတ်လကုန်တွင် စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် ယခုတဖန် စစ်ကြောင်း ပြန်ထိုးလာကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။