တူရွင်းကျွန်းမှာ ဧပြီ ၁၃ ရက်နေ့ဆိုရင် ဆလုံနတ်ပွဲ ကျင်းပပါတော့မယ်။
တူရွင်းကျွန်း (Ko Surin Tai) ဆိုတာက ထိုင်း-မြန်မာနယ်စပ်က ထိုင်းနိုင်ငံပိုင် ကျွန်းတစ်ခုပါ။ Google မှာ Ko Surin Nuea, Ko Phra Thong, Khura Buri District, Phang Nga လို့ ရိုက်ရှာလိုက်ရင် ဒီကျွန်းကို တွေ့ပါမယ်။
ဘယ်လိုကျွန်းလဲ
လှပကျော့ရှင်းလွန်းတဲ့ ကျွန်းပါ။ ကျွန်းတည်နေရာနဲ့ ဖြစ်တည်မှုလေးကလည်း စိတ်ဝင်စားစရာပါ။ မြန်မာ-ထိုင်းရဲ့ တောင်ပိုင်းနယ်စပ်မြို့တွေဖြစ်တဲ့ ကော့သောင်းနဲ့ ရနောင်းတို့ရဲ့ အနောက်ပင်လယ်ပြင်ဘက်မှာ ကမ်းစပ်က လှမ်းမြင်ရတဲ့ ကျွန်းတန်းအုပ်စုတစ်ခု ရှိပါတယ်။ ကျွန်းအုပ်စုရဲ့ အကြီးဆုံးကျွန်းက ဇာဒက်ကြီးကျွန်းဖြစ်ပြီး မြန်မာအပိုင်ပါ။ တောင်ဘက်အစွန်ဆုံးကတော့ ဆလုံတွေ နေထိုင်တဲ့ ထိုင်းပိုင် တူရွင်းကျွန်းပါပဲ။
ထိုင်းကမ်းခြေကနေ အဝေးဆုံးကျွန်းတွေထဲက ထိုင်းနိုင်ငံပိုင် ကျွန်းတစ်ခုပါ။ မြို့ပြနဲ့ လုပ်ငန်းခွင်မှာ မွန်းကြပ်ပိတ်လှောင်ခဲ့သမျှကို အရှိန်ပြင်းပြင်းနဲ့ မီးပွိုင့်မဲ့၊ အတားအဆီးမဲ့ အခြားအပျော်စီး မော်တော်ဘုတ်တွေနဲ့အပြိုင် မောင်းနှင်နေတဲ့ အမြန်ရေယာဉ်ပေါ်မှာ ပင်လယ်လေ တစ်ဝရှူကာ စီးမျောလိုက်ပါနိုင်ပါတယ်။ တူရွင်းကျွန်းကနေ မြန်မာပိုင်ကျွန်းတွေကို ထင်းထင်းကြီး လှမ်းမြင်ရတာကတော့ မြန်မာနိုင်ငံသားတွေအတွက် အိမ်လွမ်းစိတ် နိုးထစေနိုင်တာ ပေါ့လေ။ လှောင်ပိတ်နေတဲ့ စိတ်တွေက ပင်လယ်ကို ကူးဖြတ်ပြီး မြန်မာကျွန်းတွေဆီ လွတ်လပ်စွာ ပျံသန်းပစ်လိုက်နိုင်တဲ့ နေရာတစ်ခု ဆိုပါတော့။
ကျွန်းပေါ်မှာ မော်ကင်း (ခေါ်) ဆလုံတို့ရဲ့ အထိမ်းအမှတ် ထိန်းသိမ်းသစ်ပင်ကြီးတွေရှိတဲ့ ဥယျာဉ်တွေ၊ ထိန်းသိမ်းထားတဲ့ သားငှက်တွေကို တွေ့နိုင်ပါတယ်။ ကျွန်းအော်ပိုက်တွေထဲက ဖြူဖွေးရှင်းသန့်နေတဲ့ သဲခုံတွေမှာ လွတ်လပ်စွာ နေစာလှုံနိုင်ပါတယ်။ ကြည်လင်လှတဲ့ ပင်လယ်ကမ်းစပ် ရေပြင်ဟာလည်း ကြမ်းခင်းအောက်ခြေ သန္တာကျောက်တန်းတွေကြား ကူးခတ်ဆော့ကစားနေတဲ့ ငါးလေးတွေကို လှေငယ်ပေါ်ကဖြစ်ဖြစ်၊ ရေကူးရင်းဖြစ်ဖြစ် မြင်ရှုကြည်နူးနိုင်ပါတယ်။ ရေငုပ်မျက်မှန်နဲ့ လိုက်ကြည့်မယ်ဆိုရင်တော့ ရှုမငြီးတဲ့ ရေအောက်ကမ္ဘာငယ်လေးက ကုန်းပေါ် ပြန်မတက်ချင်စရာပါပဲ။
ဒီကျွန်းရဲ့ စပယ်ရှယ်မီနူးကတော့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ကူးလူးသွားလာနေထိုင်တဲ့၊ တစ်ကမ္ဘာလုံးမှာမှ လူဦးရေ ၁,၈၀၀ ဝန်းကျင်သာ ရှိတော့တဲ့ မော်ကင်း (ခေါ်) ဆလုံမျိုးနွယ်စုရဲ့ ရိုးရာရွာလေးနဲ့ သူတို့နေထိုင်တဲ့ ဓလေ့စရိုက်၊ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုကို ကိုယ်တွေ့လေ့လာနိုင်တာပါပဲ။ လာမယ့် ဧပြီ ၁၃ ရက်ကျရင်တော့ နဂိုကတည်းက စည်ကားပြီးသား ရှမ်းကျွန်းမဲခေါ် တူရွင်းကျွန်းမှာ ဆလုံနတ်ပွဲကို လေ့လာရင်း သင်္ကြန်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ စည်ကားနေဦးမှာပါ။









ဆလုံနတ်ပွဲဆိုတာ ဘယ်လိုမျိုးလဲ
မြန်မာနိုင်ငံမှာ အဓိကနေထိုင်ပြီး လက်ရှိမှာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံမှာ ပြန့်ကြဲနေထိုင်ကြတဲ့ ဆလုံတွေဟာ ဧပြီလဝန်းကျင်မှာ နှစ်စဉ် ရိုးရာနတ်ပွဲ ကျင်းပလေ့ရှိပါတယ်။ နတ်ပွဲကို သူတို့နေထိုင်ရာကျွန်းရဲ့ ရွာလယ်နတ်စင်ရှေ့မှာ ကျကျနန ကျင်းပလေ့ရှိပြီး သူတို့မျိုးနွယ်စုရဲ့ အဓိကကျဆုံး၊ အရေးပါဆုံး ပူဇော်ပွဲတစ်ခုပါပဲ။ မြန်မာနိုင်ငံမှာဆိုရင်လည်း မြိတ်ကျွန်းစုထဲက လငန်းကျွန်း၊ မကြုံကလက်ကျွန်းတွေမှာ ကျင်းပလေ့ရှိပြီး ကျွန်းနီးစပ်ချုပ်က ဆလုံတွေ စုဝေးရောက်ရှိလာကြတဲ့ လူမျိုးစုရဲ့ တစ်ခုတည်းသော ပွဲတော်လည်း ဖြစ်ပါတယ်။
မြန်မာပြည်မှာတော့ ပွဲတော်ဟာ သူတို့ နတ်ပူဇော်ရမယ့် ပစ္စည်းစုံတာနဲ့ နံနက်ကတည်းက စတင်လေ့ရှိပါတယ်။ လိုအပ်ပစ္စည်းတွေကတော့ နတ်ဆရာမှာ ဝင်ပူးတဲ့ ဖိုးဖွားဝိညာဉ်ရဲ့ တောင်းဆိုချက်အရပါပဲ။ မြန်မာမှာလုပ်တဲ့ တစ်နှစ်မှာတော့ လိပ်ခေါင်း၊ ပျားမဲပျားလျှာ စတာတွေ တောင်းဆိုပါတယ်။ အရက်ကတော့ မပါမဖြစ်ပါ။ ပွဲတော်မှာ ပင်လယ်ထွက် စားစရာတွေ ဝလင်အောင် ကျွေးလေ့ရှိပါတယ်။
နတ်ပူဇော်ပွဲမှာ အဓိက မြင်ရကြားရမှာကတော့ တောတွင်းဆန်တဲ့ ဆလုံတီးလုံးနဲ့ ဆလုံကကွက်တွေပါ။ သူတို့ဘာသာစကားနဲ့ သီဆိုတဲ့ တေးသံကို သူတို့တီးတဲ့ ဆလုံဗုံ၊ ကြေးမောင်း၊ လင်းကွင်း စတဲ့ ဂီတသံနဲ့ နားထောင်ရတာ ကြက်သီးမထသူ မရှိသလောက်ပါပဲ။ နံနက်ကတည်းက သီဆိုလိုက်၊ တီးမှုတ်လိုက်၊ ကခုန်လိုက်၊ နတ်ဆရာကလည်း နတ်စင်ရှေ့မှာ မန်းမှုတ်လိုက်နဲ့ ညနက်လေလေ အပျော်ရင့်လေလေပါပဲ။ ဒီနှစ်တော့ ထိုင်းနိုင်ငံက တူရွင်းကျွန်းရဲ့ ဆလုံနတ်ပွဲ ဘယ်လိုလာမယ်ဆိုတာ စိတ်ဝင်စားစရာ၊ ရင်ခုန်စရာပါပဲ။
ဘယ်လို သွားရမလဲ
အလွယ်ကူဆုံးကတော့ တူရွင်းကျွန်းသွားတဲ့ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေဆီမှာ စုံစမ်းပြီး သွားတာပါပဲ။ ငွေကုန်ကြေးကျ နည်းနိုင်သမျှနည်းအောင် သွားမယ်ဆိုရင်တော့ Sabina Tour လိုမျိုး ဒေသခံ ခရီးသွားမော်တော်ဘုတ်ကို ကြိုတင်ချိတ်ဆက်နိုင်ပါတယ်။ သူတို့ လက်မှတ်ရောင်းဌာနက တူရွင်းကျွန်းနဲ့ အနီးဆုံးဖြစ်တဲ့ အထက်ဖော်ပြပါ ခုရဘူရီ (နန်ရွန်) ကမ်းခြေမှာပါ။ လက်မှတ်ကို အွန်လိုင်းက ဆက်သွယ်ကြိုဝယ်တာ အကောင်းဆုံးပါပဲ။
ကျွန်းတစ်နေရာမှာ ရှိတဲ့ ဟိုတယ်ဇုံကလွဲပြီး ဆလုံရွာနဲ့ ကျွန်းရဲ့နေရာ အတော်များများမှာ လျှပ်စစ်မီး မရှိပါဘူး၊ ဖုန်းလိုင်း မရပါဘူး။ ဒါကြောင့် ညအိပ်မယ်ဆို ပါဝါဘန့် (Power Bank) ဆောင်သွားတာမျိုး၊ ဖုန်းအားချွေတာတာမျိုး လုပ်သင့်ပါတယ်။ အမြန်ရေယာဉ် လက်မှတ်ခကတော့ အသွားအပြန် ဘတ် ၁,၇၀၀ ရှိပြီး ညအိပ်မယ်ဆို ဈေးချိုတဲ့ တစ်လုံး ဘတ် ၅၀၀ တန် ရွက်ဖျင်တဲတွေ သူတို့ စီစဉ်ပေးပါတယ်။
မော်တော်ဘုတ်က နန်ယွန်ကမ်းကနေ နံနက် ၉ နာရီကျော် စထွက်ပါတယ်။ ဝါသနာပါလို့ နန်ယွန်ဆိပ်ကမ်းက မြန်မာ (အထူးသဖြင့် ထားဝယ်) ရေလုပ်သားတွေဘဝကို လေ့လာချင်ရင် နန်ယွန်မှာ တစ်ည ကြိုသွားအိပ်နိုင်ပါတယ်။ ဈေးသင့်တဲ့ ဘတ် ၅၀၀ တန် တည်းခိုခန်း ကျယ်ကျယ်တွေ နန်ယွန်ကမ်းခြေမှာ ရှိပါတယ်။
နံနက်မှာ နန်ယွန်က လှေစထွက်ပြီး မိနစ် ၃၀ လောက် မောင်းတာနဲ့ ထိုင်းတူရွင်းကျွန်းရော၊ မြန်မာဘက်က ဇာဒက်ကြီးကျွန်းအုပ်စုကိုပါ စမြင်ရပါပြီ။ တူရွင်းကျွန်းပေါ်က ဆလုံရွာကိုတော့ နန်ယွန်ကနေ မော်တော်ဘုတ် တစ်နာရီသာသာ မောင်းရပါတယ်။ ဆလုံကျွန်းပေါ်မှာတော့ ဆလုံတို့ ကိုယ်တိုင် ပြုလုပ်ခင်းကျင်းရောင်းချတဲ့ သူတို့ရိုးရာ သင်္ကေတပစ္စည်းလေးတွေကို ဆလုံအိမ်ရှေ့တိုင်းမှာ တွေ့ရပါပြီ။ သူတို့ရိုးရာအိမ်၊ သူတို့ရိုးရာလှေတွေကတော့ အခြားမျိုးနွယ်စု လက်ရာတွေနဲ့ တမူထူးနေပါတယ်။ အထူးခြားဆုံးကတော့ ရွာလယ်နတ်စင်ပါပဲ။ နတ်စင်မှာ ထိုးထိုးထောင်ထောင်နဲ့ စိုက်ထူထားတဲ့ တိုင်တွေမှာ ထွင်းထုထားတဲ့ ရုပ်ပုံတွေက တောတွင်းလူရိုင်းဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ ကျောက်တိုင်ရုပ်ထုတွေနဲ့ တူနေတာကိုက ကြက်သီးထစရာပါ။
ကျွန်းပိတ်ခါနီး နတ်ပွဲ
ဧပြီလကုန် မိုးရာသီစရင်တော့ တူရွင်းကျွန်းခရီးစဉ်တွေ ပွင့်လင်းရာသီအထိ ပိတ်သိမ်းပါတော့မယ်။ မိုးရာသီ ပင်လယ်ပြင် ခရီးသွားလုပ်ငန်း ရပ်နားတော့မှာ ဖြစ်ပါတယ်။ မြန်မာပြည် အခြေအနေအရ မြန်မာပြည်က ဆလုံနတ်ပွဲတွေ သွားဖို့ဆိုတာထား၊ သင်္ကြန်မှာ အိမ်ပြန်လည်ဖို့တောင်မှ မဖြစ်နိုင်သူတွေအတွက် ဆလုံမျိုးနွယ်စုတွေရှိရာ ဒီကျွန်းမှာ မြန်မာအလွမ်းပြေတွေ ရှိနေမှာ သေချာပါတယ်။
နတ်ပွဲရဲ့ စပယ်ရှယ်မီနူးကတော့ ဆလုံနတ်ဆရာနဲ့ ဆလုံမကြီးတွေရဲ့ နတ်ဝင်ဟန်၊ ဆလုံအက၊ ဆလုံတေးနဲ့ ကြက်သီးထဖွယ် ဆလုံတီးလုံးတွေအပြင် ဆလုံငပိထောင်းနဲ့ ဆလုံပင်လယ်ဟင်းလျာတွေပါ အဝလွေးခွင့် ရနိုင်ပါတယ်။ သင်္ကြန်အားလပ်ရက်မှာ တတ်နိုင်သူတွေအနေနဲ့ တူရွင်းကျွန်းကို ဆလုံနတ်ပွဲအမီ သွားလည်သင့်လှပါကြောင်း အကြံပြုလိုက်ပါတယ်။
လင်းခ



