ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ တဖီလေးခိုရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးသုံးဦးအပါ ခြောက်ဦးသေဆုံး

March 9, 2026

တနင်္သာရီမြို့နယ်၊ တဖီလေးခိုရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးအပါအဝင် ခြောက်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း KNU ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။

ယနေ့ မတ်လ ၉ရက် နေ့လည် ၁၂နာရီ ၃၀မိနစ်တွင် စစ်အာဏာရှင်တပ်က တိုက်လေယာဥ်ဖြင့် တဖီလေးခိုရွာကို ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အသက် ၁၁နှစ်အရွယ် ယောင်္ကျားလေး နှစ်ဦး၊ ၆ နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အသက်၄၀နှစ် အမျိုးသား သုံးဦးသေဆုံးပြီး ၁၃နှစ်အရွယ် ယောင်္ကျားလေး သုံးဦးဒဏ်ရာရရှိကြောင်း ဖော်ပြသည်။

တဖီလေးခိုရွာသည် တနင်္သာရီမြစ်ကမ်းဘေးတွင် တည်ရှိပြီး အောင်သာဝရရွာ၏ အောက်ဘက် သာရဇင်းရွာနှင့် သာရဇိုင်းရွာကြားတွင်ရှိပြီး ကရင်လူမျိုးများနေထိုင်သည့် ရွာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အောင်သာဝရသည် စစ်အာဏာရှင်တပ် ၂၇ နှစ်ကြာ တပ်စွဲခဲ့သည့် ဗျူဟာကျသည့် စစ်စခန်းအခြေစိုက်ရာ နေရာတစ်ခုဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်တွင် KNU နှင့် PDF ပူးပေါင်းတပ်များ သိမ်းယူခဲ့သည်။

လက်ရှိတွင် တဖီလေးခိုရွာနှင့် ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပလောက်မြို့တွင်သာ တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အဲဒီရွာ (တဖီလေးခို) မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ ပလောက်မြို့မှာတော့ ဖြစ်နေတယ်။ ဒါပေမဲ့ အဲဒီရွာက ပလောက်နဲ့ တော်တော် (အများကြီး)ဝေးတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

တဖီလေးခိုရွာသည် ပလောက်မြို့အရှေ့ဘက် ၂၃မိုင်အကွာတွင် ရှိသည်။