ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများတွင် တစ်ပတ်အတွင်း ဓာတ်ဆီဈေး သုံးဆနီးပါးမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။
ပင်လယ်ကျေးရွာများတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ်ခုနစ်ထောင်ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း ဒေသခံအချို့က ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ကမူ ဓာတ်ဆီတစ်လီတာကို ၂၇၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိခဲ့ကြောင်း သိရသည်။
၎င်းဈေးနှုန်းသည် ကျေးရွာများရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် 92 အမျိုးအစား ဓာတ်ဆီဈေးနူန်းဖြစ်သည်။
ကျွန်းစုမြို့နယ်၏ နယ်မြေအများစုက ပင်လယ်အတွင်းရှိ ကျွန်းများဖြစ်သည့်အတွက် ခရီးသွားလာရာတွင် စက်လှေ၊ အမြန်ရေယာဉ်ဖြင့် အဓိကသွားလာရသလို ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူလည်း များသည်။
လက်ရှိတွင် စက်သုံးဆီဈေးတက်လာသည့်အတွက် ငါးဖမ်းလုပ်ငန်းအပေါ်သက်ရောက်မှုများပြီး ဝမ်းစာရေးအတွက် အခက်အခဲကြီးမားကြောင်း ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။
“ဆီဈေးထပ်တက်လာမှာကို တော်တော်ကြောက်တယ်။အခုအခြေအနေနဲ့တောင် ငါးဖမ်းလို့ရတာနဲ့ ဆီဈေးအပြင် စရိတ်စကနဲ့ တွက်လိုက်ရင် မကျန်ဘူး။ ဒီတော့ ငါးဖမ်းလှေက ထွက်ရမလား။ ဒီအတိုင်းရေသောက် ဗိုက်မှောက်ပြီး နေရမလားပဲဗျာ” ဟု ၎င်းက ဆိုသည်။
စက်သုံးဆီဈေးတက်လာသည့်အတွက် ကျေးရွာအတွင်းရှိဆိုင်အချို့တွင် ဆီမရောင်းတော့သည့်အခြေအနေကိုလည်း ရင်ဆိုင်နေရကြောင်း ကျွန်းစုမြို့နယ် ကံမော်ကျေးရွာနေဒေသခံတစ်ဦးက ပြောဆိုသည်။
“ဓာတ်ဆီ ဈေးတက်ပြီးဆိုကတည်းက ရွာတွေမှာ ဓာတ်ဆီရောင်းပေးဖို့ ဆိုင်တွေကို လိုက်တောင်းပန်နေရတယ်။ တချို့ကလည်း ပီပါလိုက်ဝယ်ထားတော့ အဆင်ပြေကြပါတယ်။ ကျွန်တော်တို့လို တစ်နေ့လုပ်တစ်နေ့စားတွေပဲ တော်တော်ဒုက္ခရောက်ရတယ်” ဟု ၎င်းက ပြောသည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ကမ္ဘာရေနံဈေးကွက်တွင် ရိုက်ခတ်မှုကြီးမားခဲ့ပြီး စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာရခြင်းဖြစ်သည်။
မြိတ်မြို့တွင် စက်သုံးဆီကို ထိုင်းနိုင်ငံမှအဓိက တင်သွင်းပြီး မြိတ်မြို့မှတစ်ဆင့် ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့ကို ပြန်လည်ရောင်းချနေခြင်းဖြစ်သည်။







