ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်စစ်အခြေစိုက်စခန်းများကို ကာကွယ်ရန် ယူကရိန်းဒရုန်းကျွမ်းကျင်သူအဖွဲ့စေလွှတ်

March 9, 2026

ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ကာကွယ်ရန် ယူကရိန်းက ကြားဖြတ်ဟန့်တားရေး ဒရုန်းများ အပါအဝင် ဒရုန်းကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ကြောင်း သမ္မတဇလန်းစကီးက The New York Times ကို ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့တွင် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်၌ပင် အဆိုပါ ယူကရိန်း ဒရုန်းကျွမ်းကျင်သူအဖွဲ့ စတင်ထွက်ခွာခဲ့ကြောင်း သမ္မတ ဇလန်းစကီးက ဆိုသည်။

အဆိုပါအဖွဲ့သည် များမကြာမီ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိမည်ဟု ယူဆရသည်။

ယူကရိန်းထံမှ အကူအညီတောင်းခံခဲ့ခြင်း ရှိ မရှိနှင့် ပတ်သက်၍ မေးမြန်းမှုကို အိမ်ဖြူတော်က တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း The New York Times က ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား စစ်ပွဲကြောင့် ယူကရိန်းစစ်ပွဲအပေါ် ကမ္ဘာ၏ အာရုံစိုက်မှု လျော့ကျသွားနိုင်သည့် အန္တရာယ်ရှိနေသည်။

သို့ရာတွင် အီရန်စစ်ပွဲကြောင့် ယူကရိန်းအဖို့ ၎င်းတို့ ခက်ခက်ခဲခဲ ရရှိထားသည့် ကျွမ်းကျင်မှုနှင့် အဆင့်မြင့်နည်းပညာများကို စစ်မျက်နှာသစ်တစ်ခုတွင် အသုံးချခွင့်ရစေကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

ရုရှားက ယူကရိန်းစစ်ပွဲတွင် အီရန်ထုတ် တိုက်ခိုက်ရေးဒရုန်းများကို နှစ်ရှည်လများ အသုံးပြုခဲ့ပြီး ယင်းဒရုန်းများအား ခုခံကာကွယ်ရေး နည်းပညာကို အမေရိကန်တပ်ဖွဲ့များနှင့် ၎င်းတို့၏ အရှေ့အလယ်ပိုင်း မဟာမိတ်များအား ကူညီရန် ယူကရိန်းက စိတ်အားထက်သန်စွာ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အမေရိကန်က ကြားဝင်စေ့စပ်ပေးမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိကန်၏ မျက်နှာသာပေးမှုကို ရရှိရန် ယူကရိန်းက မျှော်လင့်နေသော်လည်း နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာနေဆဲ ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်သည့် ရုရှားသမ္မတပူတင်ထက် ယူကရိန်းသမ္မတဇလန်းစကီးကသာ ငြိမ်းချမ်းရေးအတွက် ပို၍ အတားအဆီးဖြစ်နေသည်ဟု သမ္မတထရမ့်က ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။

Source: The New York Times