ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

March 9, 2026

သရက်ချောင်းမြို့မရဲစခန်းကို ယနေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့မတ်လ ၉ ရက် နံနက် ၅ နာရီခွဲ၊ ၆ နာရီခန့်မှစပြီး မြို့မရဲစခန်းဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း မြို့ပေါ်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ဆိုသည်။

“ထိခိုက်မှုအခြေအနေတွေကိုတော့ မသိဘူး။ လမ်းပေါ်မှာ လူသူမရှိသလောက်ကို ဖြစ်နေတယ်။ ကျွန်တော်တို့လည်း အိမ်ထဲက အိမ်အပြင်မထွက်ဘဲနေနေတယ်” ဟု ၎င်းက ပြောဆိုသည်။

သရက်ချောင်းမြို့မရဲစခန်း၊ သရက်ချောင်းမြို့အထက်ပိုင်းရှိ သရက်နှစ်ခွတံတားစစ်ဆေးရေးဂိတ်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို မနက် ၉ နာရီခွဲခန့်အထိ ကြားရကြောင်း ဒေသခံအချို့က ဆိုသည်။

“သရက်နှစ်ခွဘက်မှာ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ (စစ်အာဏာရှင်တပ်က) သူတို့ဘာသာ တစ်ဖက်သတ် ပစ်တာ၊ မနက်က မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက်လို့ စစ်တပ်ဘက်က ပြန်ပစ်တာ” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

မြို့မရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်တွင် အရပ်သား ၁ ဦးထိခိုက်သေဆုံးသည်ဟု ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါပစ်ခတ်မှုများအတွင်း အရပ်သားထိခိုက်သေဆုံးမှု အခြေအနေနှင့် သရက်ချောင်းရဲစခန်းအား ပစ်ခတ်တိုက်ခိုက်မှု အခြေအနေတို့ကို Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ နံနက်တွင် သရက်ချောင်းမြို့အောက်ပိုင်းရှိ ကနက်သီရိရွာ ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အသံများ ကြားရကြောင်း ဒေသခံအချို့က ဆိုသည်။

မည်သည့်နေရာတွင် ကျရောက်ပေါက်ကွဲသည်ကိုမူ မသိရသေးကြောင်း ၎င်းတို့က ပြောဆိုသည်။

သရက်ချောင်းမြို့ အောက်ပိုင်း ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထားဝယ်မြို့ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် သရက်ချောင်းမြို့အထက်ပိုင်း ရှင်မုတ္တထီးရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များတွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။