တနင်္သာရီမြို့နယ်၊ ကမ်းတိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ဆန်စက်တစ်လုံး ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၈ရက် ညနေ ၃နာရီတွင် မော်တုန်းကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၃၀၆ အမြောက်တပ်ရင်း ဒရုန်းဖြင့် ကမ်းတိုရွာကို ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဆန်စက်ရုံသည် မြိတ်-တနင်္သာရီပြည်ထောင်စု လမ်းမနံဘေးတွင် တည်ရှိကြောင်း ၎င်းက ဆိုသည်။
“စက်ရုံ အမိုးပျက်စီးသွားတယ်။ အထဲက ဘာတွေ ပျက်စီးသွားလဲတော့ မသိရသေးဘူး။ တစ်ယောက်မှ ဝင်ကြည့်မရဲ ဖြစ်နေတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
ကမ်းတိုရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်သာများ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများနေအိမ်တွင် မနေသည်မှာ ၂နှစ်ကျော်ပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
စစ်အာဏာရှင်တပ်သည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရွာများနှင့် ပြည်သူများ မနေသည့်ရွာများကို ဒရုန်းကို အသုံးပြု၍ မကြာခဏဆိုသလို တိုက်ခိုက်မှုများပြုလုပ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တိုက်ပွဲဖြစ်ပွားတာ မရှိဘဲလည်း ဒရုန်းနဲ့လာချတယ်။ နောက်ပိုင်း အသေခံဒရုန်းတွေကိုလည်း အသုံးပြုလာတယ်”ဟု ၎င်းက ပြောသည်။
မတ်လ ၇ရက်တွင် စစ်အာဏာရှင်တပ်က ဘန်းလမွတ်ရွာအနီး ဒေသအခေါ် ကျွဲသုံးပေါင်တောင်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။







