အစ္စရေးနှင့် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီ၏ နေရာကို သားဖြစ်သူ မိုဂျတာဘာခါမေနီက ယနေ့ မတ်လ ၉ ရက်တွင် တရားဝင်ဆက်ခံလိုက်ပြီ ဖြစ်သည်။
အီရန်နိုင်ငံ၏ အမြင့်ဆုံးအာဏာကို သဘောထားတင်းမာသည့် ဝါဒီများက ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း ပြသနေသည်ဟု Reuters သတင်းတွင် ဖော်ပြသည်။
မိုဂျတာဘာခါမေနီသည် အီရန်လုံခြုံရေးတပ်ဖွဲ့များနှင့် ကျယ်ပြန့်သည့် စီးပွားရေးကွန်ရက်များအတွင်း ဩဇာအာဏာရှိသူ ဖြစ်ပြီး ဖခင်ဖြစ်သူအယာတိုလာခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် တင်ကြိုထင်ကြေးပေးခံထားရသူ ဖြစ်သည်။
တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အီရန်ပညာရှင်များအဖွဲ့ (Assembly of Experts) ၏ အီရန်ထိပ်သီးခေါင်းဆောင်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်မှုတွင် ထိပ်ဆုံးမှ ရွေးချယ်ခံရမည့်သူအဖြစ် အဓိက ထင်ကြေးပေးခံထားရသူလည်း ဖြစ်သည်။
ဘာသာရေးခေါင်းဆောင် ၈၈ ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ ပညာရှင်များအဖွဲ့သည် အီရန်ထိပ်သီးခေါင်းဆောင်ကို ရွေးချယ်ပေးရန် အာဏာရှိသည့် အဖွဲ့အစည်း ဖြစ်သည်။
အဆိုပါ ပညာရှင်များအဖွဲ့က အီရန်ထိပ်သီးခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်လိုက်သူသည် အီရန်နိုင်ငံ၏ အရေးအရာအားလုံးတွင် နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ကို ရရှိသည်။
မိုဂျတာဘာခါမေနီအား အီရန်ထိပ်သီးခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ခြင်းအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒေါသထွက်နိုင်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
အယာတိုလာခါမေနီအား ဆက်ခံမည့် အီရန်ထိပ်သီးခေါင်းဆောင်အား ရွေးချယ်ရာတွင် အမေရိကန်အစိုးရအနေဖြင့် ပါဝင်ဆုံးဖြတ်ခွင့်ရှိသင့်ကြောင်း သမ္မတထရမ့်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်အစိုးရ၏ ထောက်ခံချက်မရသည့် အီရန်ထိပ်သီးခေါင်းဆောင်သည် ရာထူးတွင် ကြာကြာရှိနေနိုင်မည် မဟုတ်ကြောင်း ၎င်းက ABC News သတင်းဌာနကို ပြောကြားခဲ့သည်။
အီရန်ထိပ်သီးခေါင်းဆောင်အဖြစ် နောက်ထပ်ရွေးချယ်ခံရသူ မည်သူကိုမဆို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု အစ္စရေးကလည်း ခြိမ်းခြောက်ထားသည်။
Source: Reuters







