ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့တွင် စစ်အာဏာရှင်တပ်က ကားငါးစီးဖြင့် ဖေဖော်ဝါရီလ ၈ရက် ညသန်းခေါင်ကျော်တွင် နေအိမ်များကို ဝင်ရောက်ပြီး လူငယ်များကို စစ်မှုထမ်းဖမ်းဆီးကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းသို့ စုဆောင်းခံရသူများအနက် ဘုမ္မော်ရပ်ကွက်တွင် ခြေတစ်ဖက် မသန်သူတစ်ဦးလည်း ပါဝင်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။
“ဘုမ္မော်မှာ ညောင်ပင်ကြီးလမ်းနဲ့ မြစံပယ်လမ်းတွေမှာ ဝင်ဆွဲသွားတယ်။ ဖုန်းဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ ခြေတစ်ဖက် မသန်တဲ့တစ်ယောက် ပါသွားတယ်” ဟု ဘုမ္မော်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ယင်းအပြင် ယမန်နေ့ည၌ပင် စစ်မှုထမ်း စုဆောင်းရန် ဝင်ရောက်စစ်ဆေးခံရသည့် စာရင်းတွင် အထက်တန်း ကျောင်းသား တစ်ဦး ပါဝင်နေကြောင်း ဖြစ်စဥ်အားသိရှိသူတစ်ဦးက ပြောဆိုသည်။
“စစ်မှုထမ်းဝင်ဆွဲဖို့ စာရင်းထဲပါလာတယ်ဆိုပြီး အိမ်ကိုဝင်စစ်ပြီးမှ ကျောင်းသားဖြစ်နေတယ်ဆိုတော့ ထားခဲ့တယ်။ မခေါ်သွားဘူး” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၈ရက်ညက ထားဝယ်မြို့တွင် မြို့ခံအချို့ စစ်မှုထမ်းစုဆောင်းခံရကြောင်း မြို့ခံများက ပြောဆိုနေကြပြီး အရေအတွက်နှင့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ထားဝယ်မြို့ခံ ငါးဆယ်ကျော်ကို စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်း အပတ်စဥ် ၂၁ သင်တန်း တက်ရန် မြိတ်မြို့သို့ ရေလမ်းခရီးဖြင့် ပို့ဆောင်ခဲ့သေးသည်။
တနင်္သာရီတိုင်း၌ စစ်အာဏာရှင်တပ်က ဇန်နဝါရီလတွင် စစ်မှုထမ်းသင်တန်းအပတ်စဥ် ၂၁ အထိ ဖွင့်လှစ်ထားပြီး အပတ်စဥ် ၁၈ အထိ သင်တန်းဆင်းပြီးဖြစ်ကြောင်း စစ်ကော်မရှင်ပြန်ကြားရေးဌာန၏ မှတ်တမ်းများအရ သိရသည်။







