မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်ကစ၍ ဖြတ်သန်းသွားလာ၍ မရကြောင်း ကားသမားအချို့နှင့် ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူတို့က ပြောသည်။
သရက်ချောင်းမြို့နယ် ဆင်ကျန်းကျေးရွာမှ ပလောက်အထိ လမ်းကြောင်းပိတ်ထားပြီး မြိတ်ဘက်ခြမ်းတွင်လည်း ကားလမ်းပိတ်ထားကြောင်း ကားသမားအချို့က ဆိုသည်။
“ကားလမ်းပိတ်ထားတာ နှစ်ရက်ရှိပြီ” ဟု မြိတ်မြို့က ယာဉ်လိုင်းလုပ်ငန်းတွင် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
သရက်ချောင်းမြို့နယ်မှ ပလောက်၊ ယင်းမှ ပုလော၊ ပလ၊ မြိတ်အထိ ပြည်ထောင်စုကားလမ်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာသည့် ပုံစံရှိနေကြောင်း ဒေသခံအချို့နှင့် ကားသမားအချို့က ဆိုသည်။
“လမ်းပိတ်တာ ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှမသိဘူး” ဟု ခရီးသည်တင် ကားသမားတစ်ဦးက ပြောသည်။
ကုန်ကားသမားတစ်ဦးကလည်း ကားလမ်းပိတ်ထားသည်မှာ နှစ်ရက်ရှိလာပြီဖြစ်ပြီး ကားသမားများနှင့် ကုန်ကားများ၊ ခရီးသည်များ လမ်းတွင် ပိတ်မိနေကြောင်း ပြောဆိုသည်။
စစ်အာဏာရှင်တပ်အပြင် KNU နှင့် တော်လှန်ရေးအင်အားစုများကပါ ကားလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်ဟု ကားသမားအချို့က ပြောဆိုပြီး ကားလမ်းပိတ်သည့် အကြောင်းအရင်းကိုမူ တိတိကျကျ မသိရသေးပေ။
ကားလမ်းပိတ်ထားသဖြင့် ရေလမ်းကြောင်းမှ အမြန်ရေယာဉ်ဖြင့် ခရီးသည်များ၊ ကုန်များ ပို့ဆောင်နေကြကြောင်း အမြန်ရေယာဉ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
သရက်ချောင်းမြို့နယ် ပင်လယ်ထွက်ဝအနီး ထားဝယ်မြစ်အတွင်းမှာ ခရီးသည်တင် အမြန်ရေယာဉ်တစ်စီး ဖေဖော်ဝါရီလ ၃ ရက်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ပစ်ခတ်ခြင်းကို ခံရသဖြင့် ပဲ့နင်းနှင့် ခရီးသည်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
အထက်ပါဖြစ်စဉ်ဖြစ်ပြီးနောက် မြိတ်အခြေစိုက် စစ်အာဏာရှင်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်တွင် အမြန်ရေယာဉ်ပြေးဆွဲခွင့် ပိတ်လိုက်ပြီး ဖေဖော်ဝါရီလ ၇ ရက်တွင် မြိတ်-ထားဝယ် အမြန်ရေယာဉ်ခရီးစဉ်ပြေးဆွဲခွင့်ကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။







