မြိတ်ကျွန်းစုဒေသတွင် ကမ်းဇော်စေ့ပေါ်ချိန်စောပြီး အထွက်များသဖြင့် ယမန်နှစ်ထက် ဈေးကျနေကြောင်း မြိတ်မြို့ရှိ ကမ်းဇော်စေ့ရောင်းဝယ်သူများထံမှ သိရသည်။
ယခုနှစ်တွင် ကမ်းဇော်ပင်က အသီးသီးချိန်စောသလို အထွက်လည်းများသဖြင့် ဈေးကျနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ကမ်းဇော်စေ့တစ်ပြည်လျှင် ငွေကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ခြောက်သောင်းဝန်းကျင်သာ ဈေးရှိတော့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။
“ရှေ့နှစ်တွေကဆို အပင်မှာ အသီးမကပ်ဘူး။၂ နှစ်ဆက်တိုက် ကမ်းဇော်စေ့ မကြွေဘဲ ဖြစ်သွားတာ ဒီတော့ဈေးတွေက တအားထိုးတက်သွားတာပေါ့။အခုတော့ အသီးကလည်း ကပ်မှကပ် ကြွေချိန်လည်းစောတယ်”ဟု မြိတ်မြို့နယ်နေ ကမ်းစော်စေ့ရောင်းဝယ်နေသည့် မြို့ခံတစ်ဦးက ပြောသည်။
ကမ်းဇော်ပင်၏ သဘောသဘာဝအရ ပျမ်းမျှအားဖြင့် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည့်အတွက် ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်က အသီးမသီးခဲ့ကြောင်း ကမ်းဇော်ပင်စိုက်ပျိုးထားသည့် ဘုတ်ပြင်းမြို့နယ်နေ ဒေသခံတစ်ဦးက ဆိုသည်။
“တစ်ခါတလေကျတော့လည်း သုံးနှစ်ဆက်တိုက် မသီးတဲ့အပင်တွေလည်းရှိတယ်။သီးပြန်တော့ တအားပြန်သီး ကြတယ်။ခန့်မှန်းရတော့ တော်တော်ခက်တယ်။ဒီနှစ်တော့ တော်တော်ကြွေမယ်ပုံပဲ။ အပင်မှာ အသီးတွေတအားပဲ”ဟု ၎င်းက ပြောသည်။
အပင်မှ ကြေကျလာသည့် ကမ်းဇော်စေ့ကိုကောက်ယူကာ နေလှန်းပြီးစက်ဖြင့်ကြိတ်ကာ ကမ်းဇော်ဆီအဖြစ် ထုတ်လုပ်ရောင်းချကြသည်။
ကမ်းဇော်ပင်မှာ အပင်ကြီးအမျိုးအစားဖြစ်ပြီး တနင်္သာရီတိုင်းအတွင်းရှိ ပုလော၊ မြိတ်မြို့နယ်၊ ဘုတ်ပြင်း၊ တနင်္သာရီစသည့် မြို့နယ်တို့တွင် အများဆုံးတွေ့ရကာ ရွှံ့နွံပေါ၍ ပင်လယ်ဒီရေရောက်သည့်နေရာများတွင် ပေါက်ရောက်ရှင်သန်လေ့ရှိသည်။







