ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ၅ နှစ်ကြာ ရပ်နားထားသည့် ဟိန္ဒူဘာသာဝင်များ၏ မီးနင်းပွဲ၊ အပ်ထိုးပွဲနှင့် ဓားတက်ပွဲကို ယခုနှစ်တွင် ပြန်ကျင်းပမည်ဖြစ်ကြောင်း ဆာရီကာလီယမ္မာမယ်တော် ဟိန္ဒူဘုရားကျောင်း ဂေါပကအဖွဲ့နှင့် ဒေသခံ ဟိန္ဒူဘာသာဝင်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာ ဘုရားကျောင်းတွင် ပူဇော်ပွဲကျင်းပကာ နောက်ဆုံးရက် (ဖေဖော်ဝါရီ ၁၀ ရက်) ညနေတွင် ဟိန္ဒူဘာသာထုံးတမ်းအရ ဥပုသ်စောင့်ထားသူများ အပ်ထိုး၍ ဘုရားကျောင်းတည်ရှိသည့် ဗိုလ်ချုပ်ရပ်ကွက်ကို တစ်ပတ်လှည့်လည်ပြီးနောက် ကံပေါက်ဘောလုံးကွင်းတွင် မီးနင်းပွဲနှင့် ဓားတက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ အပ်ထိုး၊ မီးနင်း၊ ဓားတက်ပွဲများကို ၁၉၉၄ ခုနှစ်မှစ၍ ကံပေါက်ကျေးရွာတွင် ကျင်းပခဲ့ပြီး ကိုဗစ်ကာလကတည်းက မကျင်းပဘဲ ရပ်နားထားခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်ကမူ မီးနင်းပွဲနှင့် ဓားတက်ပွဲကို ထည့်သွင်းကျင်းပခြင်းမရှိဘဲ အပ်ထိုးပွဲတစ်ခုတည်းကိုသာ ပြန်လည်ကျင်းပခဲ့သည်။
“ပွဲလမ်းသဘင်တွေတော့ မပါဘူး။ ဘုရားလှည့်တာနဲ့ မီးနင်းတာ ပြန်လုပ်မယ်။ ဘုရားကို ပူဇော်ဖို့ ဗုံတီးသမား၊ နှဲသမားတွေတော့ အခြားက ခေါ်ထားတယ်။ ကိုဗစ်ကတည်းက နားထားပြီး အခုမှ ပြန်ကျင်းပတာ” ဟု ဒေသခံ ဟိန္ဒူဘာသာဝင်တစ်ဦးက ပြောသည်။
ကံပေါက်ဒေသတွင် ဘုရားပွဲတော်ကို ဟိန္ဒူဘာသာဝင်တို့၏ နဝရာသီပွဲတော်ကာလ (အောက်တိုဘာလ) တွင် တစ်ကြိမ်၊ ဇန်နဝါရီလတွင် တစ်ကြိမ် နှစ်စဉ်နှစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ယခုဇန်နဝါရီလတွင် ကျင်းပသည့်ပွဲတော်မှာ မီးနင်းပွဲနှင့် ဓားတက်ပွဲဖြစ်သည်။







