မြိတ်မြို့တွင် မီးသင်္ဂြိုဟ်စရိတ်ကို ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ကျပ်လေးသောင်း ကောက်ခံမည်ဖြစ်ကြောင်း မြိတ်မြို့ မီးသင်္ဂြိုဟ်နာရေးအသင်းထံမှ သိရသည်။
ယခင်က သုံးသောင်းကျပ် ကောက်ခံနေရာမှ လေးသောင်းကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မီးသင်္ဂြိုဟ်စရိတ် ကျပ်နှစ်သောင်းခွဲ စျေးရှိခဲ့ပြီး ယင်းမတိုင်မီက ကျပ်နှစ်သောင်းသာ ရှိခဲ့ကြောင်း မြို့ခံများ နှင့် အထက်ပါအသင်းထံမှ သိရသည်။
မီးသင်္ဂြိုဟ်နာရေးအသင်းက မီးသင်္ဂြိုဟ်ကိစ္စကို စီမံရပြီး ရရှိသည့် ငွေကြေးများကို မီးသင်္ဂြိုဟ်စက်၊ အလုပ်သမားခ နှင့် မီးသင်္ဂြိုဟ်ရန် ထင်းအတွက် အသုံးပြုကြောင်း ယင်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည် ။
“ထင်းက တအားရှာရတယ် ။ လှူပေးတာမျိုးရှိရင်လည်း သစ်ပင်ပဲလှူပေးတယ် ။ သွားခုတ်ပြီးသယ်တဲ့စရိတ် ၊ အလုပ်သမားခတွေ ထပ်ပေးရတယ် ။ ပြီးတော့ ဒါက ထင်းနဲ့ပဲရှို့နေရတာဆိုတော့ စည်ပင်နဲ့ အစည်းအဝေး တိုင်ပင်ပြီး တစ်သောင်းထပ်တိုးဖို့ ဆုံးဖြတ်လိုက်တယ် ” ဟု ၎င်းက ပြောဆိုသည် ။
မီးသင်္ဂြိုဟ်စက်အဖွဲ့တွင် ဝန်ထမ်း ခုနစ်ဦးခန့်ရှိကြောင်း ယင်းအသင်းထံမှသိရသည်။
မီးသင်္ဂြိုဟ်စရိတ်မြင့်တက်လာမှုကြောင့် ချို့တဲ့နာရေးများ နှင့် အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်ကြောင်း မြို့ခံနာရေးပို့ဆောင်ရေး ကူညီသည့်ပရဟိတအသင်းများနှင့် မြို့ခံများကပြောဆိုကြသည် ။
” လေးသောင်းဖြစ်သွားတော့ တချို့ဆင်းရဲတဲ့လူတွေက သင်္ဂြိုဟ်စရိတ်မရှိဘူး ။ အဲဒီတော့ ကျွန်တော် မြို့ပေါ်က နာရေးပို့ဆောင်းပေးတဲ့ အသင်းတွေက မီးသင်္ဂြိုဟ်စရိတ်ပါ စိုက်လှူပေးနေရတာမျိုးတွေရှိလာတယ် ။ ပိုလာတာက တစ်သောင်းဆိုလည်းတစ်သောင်းပဲပေါ့ ။ ကျွန်တော်တို့ကတော့ သုံးသောင်းလောက်နဲ့ပဲလည်ပတ်တာ အဆင်ပြေတယ်ထင်တယ် “ ဟု အမည်မဖော်လိုသည့် မြို့ခံပရဟိတအသင်းတစ်ခုမှ အသင်းဝင်တစ်ဦးက ပြောသည် ။
မြိတ်မြို့ မီးသင်္ဂြိုဟ်စက်သည် မြို့သူမြို့သားများ နှင့် ရပ်မိရပ်ဖများ ၏ အစီအစဥ်ဖြင့် လည်ပတ်နေရသဖြင့် သင့်တင့်မျှတသည့် စျေးနှုန်းဖြင့် မီးသင်္ဂြိုဟ်ပေးသင့်ကြောင်း မြို့ခံတစ်ဦးက ဆိုသည် ။
“မြိတ်က အခြားမြို့တွေမှာလို မီးသင်္ဂြိုဟ်တာကို စည်ပင်ကထိန်းချုပ်ပြီး ကန်ထရိုက်နဲ့ လည်ပတ်နေတာ မဟုတ်ဘူး ။ စဆောက်ကတည်းက ရပ်မိရပ်ဖတွေနဲ့မြို့သူမြို့သားတွေပဲ ။ အဲဒီတော့ပျက်ရင်လည်း မြို့သူမြို့သားတွေကပဲ ပြင်ရမှာပဲဆိုတော့ မီးသင်္ဂြိုဟ်စရိတ်ကိုတော့ အားလုံးအတွက် သင့်တင့်မျှတစေချင်တယ် ” ဟု ၎င်းကပြောဆိုသည် ။
မြိတ်မြို့၊ ကလွင်ရပ် ဘာသာပေါင်းစုံ သုသာန်တွင် ဆရာတော်များအတွက် မီးသင်္ဂြိုဟ် စက်တစ်လုံး၊ သီလရှင်များအတွက် မီးသင်္ဂြိုဟ်စက်တစ်လုံး ၊ ဘာသာပေါင်းစုံအတွက် မီးသင်္ဂြိုဟ်စက်နှစ်လုံး စုစုပေါင်း လေးလုံးရှိကြောင်း အထက်ပါအသင်းထံမှ သိရသည်။
ဆရာတော်များအတွက် ဂတ်စ်သုံး မီးသင်္ဂြိုဟ်စက်တွင် ကုန်ကျစရိတ် သီးခြားပေးဆောင်ရသလို
သီလရှင်အတွက် ဒီဇယ်သုံး မီးသင်္ဂြိုဟ်စက်တွင် မီးသင်္ဂြိုဟ်စရိတ်ကိုမူ သီလရှင်အဖွဲ့က လှူဒါန်းပေးထားကြောင်း ၎င်းက ဆိုသည်။
ထင်းရှားပါးလာမှုကြောင့် ဘာသာပေါင်းစုံ မီးသင်္ဂြိုဟ်စက် နှစ်လုံးကိုလည်း ထင်းအစား ဒီဇယ်သုံးသည့်စက် အဖြစ် အဆင်မြှင့်တင်ရန်နှင့် ဒီဇယ်သုံး မီးသင်္ဂြိုဟ်စက် အသစ် တစ်လုံးထပ်ဆောက်ရန်လည်းလျာထားကြောင်း အထက်ပါအသင်းထံမှသိရသည် ။
မြိတ်မြို့ မီးသင်္ဂြိုဟ်နာရေးအသင်းသည် မြိတ်မြို့က ရပ်မိရပ်ဖများနှင့် မြို့သူမြို့သားများ ဖွဲ့စည်းထားသည့် နာရေးကူညီမှုအသင်းဖြစ်သည်။







