မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မြို့၊ ရွာများတွင် အင်တာနက်လိုင်းများသည် ယခင်ကထက် အဆမတန် ပိုမိုဆိုးရွားလာနေပါတယ်။
ရွေးကောက်ပွဲကာလမှ စတင်၍ တနင်္သာရီတိုင်းတွင် အင်တာနက်လိုင်းများ သိသိသာသာ ပိုမိုဆိုးရွားလာကာ အခမဲ့ရရှိသော VPN များ ချိတ်ဆက်မရတော့ခြင်းနှင့် ချိတ်ဆက်ရ ခက်ခဲခြင်းတို့ ကြုံလာသည်။ VPN အသုံးပြုရ ခက်ခဲလာခြင်းကြောင့် Facebook လူမှုကွန်ရက်စာမျက်နှာများ ဝင်ရောက်ကြည့်ရှု၍ မရခြင်းတို့ကြောင့် ဒေသခံပြည်သူများဟာ မိမိတို့ဒေသတွင်း ဖြစ်ပျက်နေသော သတင်းအချက်အလက်များအား သိရှိမှုနည်းပါးလာကြသည်။
ထိုကဲ့သို့ အင်တာနက်လိုင်းများ ခက်ခဲလာခြင်းသည် သတင်းသိပိုင်ခွင့်ကို အခက်တွေ့စေသည် သာမကဘဲ ပြည်ပရောက် မိသားစုဝင်များနှင့် ဆက်သွယ်ရေး၊ စစ်ဘေးရှောင်များကို ကူညီပေးနိုင်ရေးအပါအဝင် လူမှုစီးပွား အခြေခံကအစ ရိုက်ခတ်မှု ရှိလာသည်။
မြန်မာနိုင်ငံတွင် အင်တာနက် ဖြတ်တောက်ကန့်သတ်မှုသည် နည်းပညာ အခက်အခဲကြောင့်မဟုတ်ဘဲ စစ်အုပ်စုက စနစ်တကျ စီစဉ်ပြီး သတင်းစီးဆင်းမှု ဖြတ်တောက်ရေး လုပ်ဆောင်နေသောကြောင့် ဖြစ်ကြောင်း လေ့လာသူများက ထောက်ပြကြသည်။
တစ်ချိန်တည်းမှာပင် စစ်အုပ်စုသည့် သတင်းအတု၊ သတင်းအမှားနဲ့ ဝါဒဖြန့်ချိရေးကိုလည်း စနစ်တကျစုဖွဲ့ပြင်ဆင် လုပ်ဆောင်လာသည်။
လွတ်လပ်သည့် သတင်းဌာနများ အားကောင်းပြီး ပြည်သူအများစု သုံးစွဲကြသည့် Facebook ကို သုံးစွဲရခက်အောင် လုပ်ထားပြီး အခြားတစ်ဖက်တွင်မူ စစ်အုပ်အစု ဝါဒဖြန့်ချိရေးများ အကြီးအကျယ်လုပ်နေသည့် တယ်လီဂရမ်၊ TikTok စသည့် လူမှုကွန်ရက်တို့ကိုမူ သုံးစွဲရလွယ်ကူအောင် လမ်းဖွင့်ပေးထားသည်။
TikTok ၊ တယ်လီဂရမ်တို့မှာ VPN သုံး ကျော်ခွစရာ မလိုဘဲ သုံးစွဲရလွယ်ကူသည်။ သို့သော် ထိုပလက်ဖောင်းနှစ်ခုစလုံးတွင် လွတ်လပ်သည့် သတင်းဌာနများအတွက်မူ သတင်းဖော်ပြရန် အကန့်အသတ်များစွာရှိနေသည်။ ထိုအားနည်းချက်ကို စစ်အုပ်စုက ကောင်းစွာအသုံးချပြီး ပြည်သူများကို သတင်းအမှန်သိရှိပိုင်ခွင့်ကို ဖြတ်တောက်ပစ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။
အင်တာနက် နှေးကွေးအောင်ပြုလုပ်ခြင်း၏ နောက်ကွယ်က နိုင်ငံရေး ရည်ရွယ်ချက်၊ TikTok၊ တယ်လီဂရမ်တို့ပေါ်မှ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိမှုအကြောင်း၊ လက်ရှိမြေပြင်က ပြည်သူများ ရင်ဆိုင်နေရသော သတင်းသိပိုင်ခွင့် ဆုံးရှုံးမှု အခြေအနေများကို သိရှိနိုင်ရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။
“သတင်းတွေ မဖတ်ရဘူးဆိုတော့ မျက်လုံးကန်းနေတာနဲ့ တူနေတာပေါ့”
ဒေသခံအမျိုးသမီးတစ်ဦး၊ လောင်းလုံးမြို့နယ်။
DW ။ အခုတလော အင်တာနက်သုံးပြီး သတင်းတွေဖတ်လို့ အဆင်ပြေရဲ့လား။
ဖြေ ။ ဘယ်လို မေးလိုက်တာလဲ။ အခုက အင်တာသုံးရတာ လုံးဝကို အဆင်မပြေဘူး။ အရင်ကထက် ဆယ်ဆလောက်ကို ပိုဆိုးလာတယ်။ (အလကားရတဲ့) VPN တွေ တစ်ခုပြီးတစ်ခု ပြောင်းသုံးလည်း အဆင်မပြေဘူး။ အဓိကကတော့ Facebook ပဲ။ messages ဆို စာပို့တာတွေ ရသေးတယ်။ Facebook မှာဆို ပုံတွေတောင် မမြင်ရတော့ဘူး။
DW ။ အင်တာနက်မရတော့ သတင်းဌာနက သတင်းတွေရော ဖတ်လို့ရရဲ့လား။
ဖြေ ။ သတင်းတွေလည်း ဝင်ဖတ်လို့ မရဘူး။ သတင်းတွေ မဖတ်ရဘူးဆိုတော့ မျက်လုံးကန်းနေတာနဲ့ တူနေတာပေါ့။ မျက်လုံးကို ပဝါနဲ့ပိတ်ပြီး လမ်းလျှောက်ခိုင်းနေသလိုမျိုးပေါ့။ သတင်းမဖတ်ရတော့ ကိုယ်ဒေသမှာ ဘာတွေဖြစ်နေတယ် ဆိုတာ သိချင်ရင် ဖုန်းဆက်ပြီး ဟို့လူမေး၊ ဒီလူ့မေး မေးနေရတယ်။ ဖုန်းဆက်တာကိုပဲ အဓိက အားကိုးနေရတယ်။ ဖုန်းနဲ့ မေးတာကလည်း သတင်းတိတိကျကျ မရဘူး။ သူတို့ထင်ရာမြင်ရာတွေ ပြောကြတာကိုး။ သတင်းဌာနဆိုတာကတော့ မတိကျရင် မတင်ဘူးလေ။
DW ။ အခုလိုမျိုး အင်တာနက်တွေ သုံးရခက်ပြီး သတင်းအချက်အလက် မသိရတဲ့အပေါ် ဘာပြောချင်တာရှိလဲ။
ဖြေ ။ ကျွန်မတို့မှာက နိုင်ငံခြားမှာ သားတွေ၊ သမီးတွေရှိတာဆိုတော့ အင်တာနက်ရှိမှ သူတို့နဲ့ စကားပြောလို့ရတာလေ။ အခုက အင်တာနက် သုံးမရတော့ မိသားစုတွေ ဆက်သွယ်မရဘဲ ဖြစ်နေကြတာပေါ့။ အရင်တုန်းကဆိုရင် ကိုယ့်ရွာက သတင်းတွေကို သူတို့ (နိုင်ငံခြားက သားသမီးတွေကို) ပြောပြနေတာ။ ဘယ်ရွာမှာ ဘယ်လိုဖြစ်တယ်ဆိုပြီး။ အဲဒါဆိုရင် သူတို့လည်း ကိုယ့်ရွာမှာ ဘာတွေဖြစ်နေလဲဆိုတာ သိရတယ်လေ။ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မရဘူး ဆိုရင် သူတို့လည်း ကျွန်မတို့ကို စိတ်ပူ။ ကျွန်မတို့ကလည်း သူတို့ကို စိတ်ပူနေရတာပဲ။ အခုဆိုရင် သတင်းတွေလည်း မဖတ်ရတော့ စစ်ဘေးရှောင်တွေကို ကူညီချင်ရင်တောင် ဘယ်နေရာမှာ ဘာဖြစ်နေမှန်းမသိတော့ ဘယ်လိုကူညီရမှန်း မသိဘူး။
DW ။ ဘယ်အချိန်ကစပြီး အင်တာနက်လိုင်းတွေ ခက်ခဲသွားတာလဲ။
ဖြေ ။ သတိထားမိတာကတော့ ရွေးကောက်ပွဲနီးလောက်မှာ။ အဲဒီကတည်းကပဲ။ အဲဒီတုန်းကတော့ ရွေးကောက်ပွဲရှိလို့ လိုင်းတွေ ချထားတာနေမယ်၊ ရွေးကောက်ပွဲပြီးရင်တော့ ပြန်ရသွားမယ်လို့ ထင်တာ။ ဒါပေမဲ့ အခုအချိန်အထိ လိုင်းမကောင်းသေးဘူး။
DW ။ ဘာကြောင့် အခုလို အင်တာနက်သုံးရတာခက်ခဲလာတာ၊ သတင်းတွေ မဖတ်ရတော့တာမျိုးတွေ ဖြစ်လာတာထင်လဲ။
ဖြေ ။ အင်တာနက်လိုင်းကျတာက အမြဲတမ်းဖြစ်နေကျပဲဆိုတော့ အစက ကျွန်မလည်း ထုံစံအတိုင်း ဖြစ်မှာပဲလေ ဆိုပြီးပဲ တွေးတာ။ ရွေးကောက်ပွဲအချိန်ရောက်မှ သူတို့ (စစ်အုပ်စု) က လုပ်ထားတာဖြစ်မယ်ဆိုပြီး တွေးမိလာတယ်။ ဒေသထဲက သတင်းတွေ နိုင်ငံတကာက မသိအောင် အင်တာနက်လိုင်းတွေ လျှော့ပစ်လိုက်တာဖြစ်မယ်ဆိုပြီး အဲဒီလိုမျိုးကြောင့် ဖြစ်မယ်ဆိုပြီး တွေးမိလာတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“မြို့ပေါ်မှာတောင် အင်တာနက် ဒီလောက်ခက်နေတယ်ဆိုရင် နယ်ကလူတွေဆို အတော်ခက်ခဲမှာ ကိုယ်ချင်းစာမိပါတယ်”
အသက် ၄၀ ဝန်းကျင် ထားဝယ်မြို့ခံတစ်ဦး။
DW ။ အခု အင်တာနက် သုံးရတဲ့အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ရွေးကောက်ပွဲ အပြီးမှာတော့ နည်းနည်းပြန်ရနေတယ်။ ရွေးကောက်ပွဲ တစ်လျှောက်လုံး လိုင်းမကောင်းဘူး။ အဓိက ကတော့ Facebook သုံးရ ခက်တယ်။ VPN ခံရလည်း ခက်တယ်။
DW ။ VPN က ဘယ်လို သုံးလဲ။ ဝယ်သုံးလား။
ဖြေ ။ VPN က free version သုံးလေးငါးမျိုး ထည့်ထားတယ်။ ဝယ်တော့ မသုံးဘူး။ အဲဒီဟာတွေ ချိတ်မရရင် မသုံးတော့ဘူးပေါ့။
DW ။ Facebook အပြင် တခြား platform တွေရော VPN လိုလား။
ဖြေ ။ လိုတယ် ။ Youtube တွေရော တယ်လီဂရမ်တွေရော။ TikTok တစ်ခု ပဲလွတ်တယ်ကြားရတယ်။
DW ။ အဲဒီတော့ သတင်းတွေဖတ်လို့ အဆင်ပြေရဲ့လား။ လိုက်ရှာပြီးရော ဖတ်ဖြစ်ရဲ့လား။
ဖြေ ။ Text (စာသား) သတင်းတွေဆိုတော့ ဖတ်ဖြစ်တယ်။ Video တွေ link တွေက ဝင်ကြည့်ရခက်တယ်။ အဝိုင်းလည် နေရင် စိတ်မရှည်တော့ဘူးလေ။ ဧရာဝတီ၊ BBC တို့မှာဆို Video တွေ ကောင်းတာသိတယ်။ ဒါပေမဲ့ လိုင်းမကောင်းဘူး ဆိုတော့ မကြည့်ဖြစ်တော့တာများတယ်။ သတင်းဖတ်ဖို့ဆိုပြီးတော့ တကူးတကတော့ ရှာမဖတ်ဖြစ်တော့ဘူး။
DW ။ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကရော သတင်းတွေကြည့်ဖြစ်လား။ အဲဒီက သတင်းတွေက ယုံကြည်ရလား။
ဖြေ ။ သတင်းစာက သူတို့ (စစ်ကော်မရှင်) ဝါဒဖြန့် သတင်းစာနဲ့ သူတို့ပါတနာ သတင်းစာတွေပဲ ရှိတယ်လေ။ တစ်ခြမ်းတည်းပေါ့။ ရုပ်မြင်သံကြားကတော့ ကိုယ်တွေ မကြည့်ဖြစ်တာကြာပြီ။ နောက်ပိုင်းက လူကြီးတွေတောင် ရုပ်ရှင်ကြည့်တာ ဖုန်းတို့ တက်ဘလက်တို့နဲ့ ဖြစ်သွားပြီ။ ဒါပေမဲ့ နယ်ဘက်မှာတော့ စလောင်းကနေ DVB တို့ Mizzima တို့ ကြည့်တဲ့လူကြီးတွေရှိသေးတယ်။
DW ။ အခု အာဏာသိမ်းကာလထဲမှာ အင်တာနက် သုံးရတဲ့အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ ။ စိတ်ချလက်ချ အင်တာနက်သုံးရတာမျိုးတော့ မရှိဘူးလေ။ wifi သမားတွေဆို ပိုဆိုးသေးတယ်။ လစဥ် ပိုက်ဆံသွင်းပြီး အင်တာနက်က မကောင်းဘူးဆိုတော့ ပိုက်ဆံ ဆုံးနေတာမျိုးဖြစ်တယ်။ တချို့ကတော့ TikTok ရောက်သွားတယ်ပေါ့။ ကိုယ်တွေက သီးသန့်လည်း အချိန်မရှိတော့ TikTok ဘက်ကိုတော့ မရောက်ဖြစ်ပါဘူး။ အပြင်မှာ လုပ်စရာရှိတာပဲ လုပ်နေလိုက်တော့တယ်။ သတင်းနဲ့ အလှမ်းဝေးလာတယ်။
DW ။ ဖြည့်စွက်ပြောလိုတာပြောပေးပါ။
ဖြေ ။ အင်း အခုကိုယ့်မှာကြုံနေရတဲ့ ဒုက္ခနဲ့ တစ်တိုင်းပြည်လုံးနဲ့ ယှဥ်လိုက်တော့ သေးသေးလေးပဲ။ အခုမြို့ပေါ်မှာတောင် အင်တာနက် ဒီလောက်ခက်နေတယ်ဆိုရင် နယ်ကလူတွေဆို အတော်ခက်ခဲမှာ ကိုယ်ချင်းစာမိပါတယ်။ နောက်ဆုံးတော့ မျှော်လင့်ချက်နည်းတယ်ဆိုပေမယ့် လုံးဝမျှော်လင့်ချက်မဲ့ပြီးနေတာမျိုးလည်း မဖြစ်စေချင်ပါဘူး။
DW ။ ကျေးဇူးတင်ပါတယ်။
“သတင်းတွေလည်း မမြင်ရဘူး။ သတင်းတွေဆိုလည်း တော်ရုံတန်ရုံ ကိုယ့်အနားကို မရောက်လာဘူး”
လူငယ်အမျိုးသမီးတစ်ဦး၊ ဥတ္တူကျေးရွာ၊ သရက်ချောင်းမြို့နယ်။
DW ။ Facebook ကို စစ်ကော်မရှင်ကနေပြီးတော့ လိုင်းသုံးလို့ မရအောင် လိုင်းတွေနှေးအောင် VPN တွေ ချိတ်ဆက် မရအောင် လုပ်နေတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ တော်တော်များများကတော့ သတင်းတွေကို Facebook ကပဲ တင်များတယ်လေ။ အဲဒီလိုဆိုတော့ တချို့သတင်းတွေကို တင်မရအောင် လူတွေမသိဘဲနေအောင် လုပ်ချင်တာမျိုးလား အဲဒီလိုပဲ စဉ်းစားမိတယ်။ မသိဘဲနေအောင် မမြင်ဘဲ နေအောင်ပေါ့။
DW ။ ဒီလိုလုပ်တာက စစ်ကော်မရှင်အနေနဲ့ သတင်းစီးဆင်းမှုကို ဖြတ်တောက်တာလား ဘယ်လိုသုံးသပ်မိလဲ။
ဖြေ ။ ကျွန်မထင်တာတော့ သတင်းတွေကို လူတွေဆီ နှောင့်နှေးအောင်ဆိုတာမျိုး လိုင်းမကောင်းဘဲ နေအောင် လုပ်ထားတယ်၊ ပြီးတော့ သူတို့ Facebook ကို ဖြတ်တောက်ချင်လည်း ဖြတ်တောက်မယ်ဆိုတာမျိုး စဉ်းစားတယ်။ အစတုန်းက သတင်းတစ်ပုဒ် ဖတ်ရတယ် Facebook ကို ဖြတ်တောက်မယ်ဆိုပြီး။
DW ။ Facebook က လူအများဆုံး အသုံးပြုတဲ့နေရာပေါ့နော်။ သတင်းတွေရော တော်လှန်ရေးလှုပ်ရှားမှုတွေရော အားလုံးက Facebook မှာပဲရှိကြတာ ဆိုတော့ စစ်ကော်မရှင်ဘက်က Facebook ကလူတွေကို TikTok ဘက်ကို ပြောင်းလာ အောင် လုပ်ပြီးတော့မှ သူတို့ရဲ့ ချန်နယ်တွေကနေ စစ်အုပ်စုနဲ့ပတ်သက်တဲ့သတင်းတွေ သူတို့ပေးချင်တဲ့ သတင်းတွေကို ပေးဖို့ လူထုကိုဝါဒမှိုင်းတိုက်ချင်တဲ့သဘောမျိုးလား။ ဘယ်လိုသုံးသပ်မိလဲ။
ဖြေ ။ TikTok သွားအောင် လုပ်တယ်ဆိုတာမျိုးတော့ မထင်ဘူး။ တော်တော်များများ TikTok ထက်မှာက သတင်းတစ်ပုဒ် တင်လိုက်ရင် ထောက်ခံတဲ့လူတွေက ဒီဘက်က (တော်လှန်ရေးထောက်ခံသူ) တွေကနည်းပြီး ဟိုဘက် (စစ်ကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ) ကိုထောက်ခံသူတွေက ပိုများတဲ့ပုံစံမျိုး Comment တွေ ဝင်ကြည့်လိုက်ရင်။
DW ။ TikTok မှာ စစ်အုပ်စုက ပြောနေတဲ့ သတင်းတွေနဲ့ ဝါဒမှိုင်းတိုက်ဖို့လုပ်ထားတယ်လို့ မြင်လား။
ဖြေ ။ ကျွန်မထင်တာတော့ (စစ်အုပ်စု) သူတို့တင်တာပြောတာတွေက မှန်တာပြောတယ်လို့ မထင်ဘူး။ အခုတလောမှာတော့ လိုင်းက တော်တော်လေးကို မကောင်းဘူး။ Facebook က သုံးတော့ရနေတယ်။ ပိုစ့်တစ်ခုခု တင်မယ်ဆိုရင် စောင့်ရတယ်။ ဒါပေမဲ့ ကိုယ်တင်လိုက်တဲ့ ပိုစ့်ကလည်း ဟိုဘက်ခြမ်းက မြင်ချင်မှလည်း မြင်မယ် လိုင်းမကောင်းလို့။ အခုတော်တော်များများ သတင်းတွေလည်း မမြင်ရဘူး။ သတင်းတွေဆိုလည်း တော်ရုံတန်ရုံ ကိုယ့်နားကို မရောက်လာဘူး။ အစတုန်းကဆို အကုန်လုံး အစုံမြင်နေရတယ်။ အခုက သတင်းတွေလည်း မတက်လာတော့ဘူး။
DW ။ ကျေးဇူးတင်ပါတယ်။
“ပြည်သူတွေက အင်တာနက် မရလို့ လွတ်လပ်တဲ့သတင်းဌာနတွေက တင်ဆက်တဲ့ သတင်းအချက်အလက်အမှန်တွေကို သိရှိဖို့အတွက် ခက်ခဲနိုင်ပေမယ့် စစ်တပ်ရဲ့ သတင်းအတု သတင်းအမှားတွေကိုတော့ သိရဖို့က လက်တစ်ကမ်းမှာပဲ ရှိတယ်”
သုတေသီတစ်ဦး (The Red Flag)
(The Red Flag သည် ဆိုရှယ်မီဒီယာစောင့်ကြည့်လေ့လာရေး၊ သုတေသနမှတ်တမ်းပြုစုရေးတို့ကို လုပ်ဆောင်နေသလို သတင်းအတု သတင်းအမှားတွေကို စိစစ်နေသည့် Myanmar Factchecking Network ၏ အဖွဲ့ဝင်လည်းဖြစ်သည်။)
DW ။ စစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်တဲ့ကာလတစ်လျှောက်နဲ့ အခုအထိ ပြည်တွင်းမှာ အင်တာနက်တွေ သုံးရ အဆင်မပြေဖြစ်နေတာကို ကြားသိရပါတယ်။ ဆိုရှယ်မီဒီယာစောင့်ကြည့်မှုပြုလုပ်နေတဲ့ The Red Flag အနေနဲ့ အဲဒီအပိုင်းမှာ လေ့လာထားမိတာလေးကို ပြောပြပေးပါ။
ဖြေ ။ Facebook Social Meadia Platform ပေါ်မှာ ပြည်တွင်းက ပြည်သူတွေရဲ့ ပိုစ့်တွေကို သိပ်မတွေ့ရတာမျိုး။ ပြီးတော့ အချို့ပြည်သူတွေက လိုင်းမကောင်းဘူးလို့ပြောနေတာမျိုးကို Facebook Platform ပေါ်မှာ တွေ့ရတယ်။ နောက်ထပ် ပြောရမယ်ဆိုရင် VPN မပါဘဲနဲ့ Free သုံးလို့ရတဲ့ တယ်လီဂရမ်ချန်နယ်တောင်မှ တချို့အချိန်တွေမှာ Updating ဖြစ်နေပြီး Message တွေ ပို့မရတာ ၊ Signal နဲ့က VPN နဲ့ သုံးရတယ်။ VPN တွေကိုက Ban ထားတယ်။ VPN သုံးတာတောင်မှ Message တွေ ထွက်တာ နှေးတာမျိုးတွေကို ကျွန်မတို့တွေ့ရတယ်။ ဓာတ်ပုံတွေပို့ရင် အတော်ကြာကြာမှ ထွက်တာမျိုး၊ Signal လိုဟာမျိုးကနေပြီးတော့ နောက်ထပ် လူတစ်ယောက်ဆီ ပုံပို့တယ်ဆိုရင် Forward လုပ်တယ်ဆိုရင် ပုံက တော်တော်နဲ့ မထွက်ဘူး။ Save ပြီးမှ ပြန်ထွက်တယ်ဆိုတဲ့ဟာမျိုးတွေ အင်တာနက် အခက်အခဲကြောင့်မို့လို့ ဖြစ်နေတဲ့ဟာတွေရှိတယ်။ နောက်ထပ်တစ်ခုက ပြည်တွင်းမှာ စစ်တပ်အုပ်ချုပ်တဲ့ နေရာမှာရှိတဲ့ ပြည်သူတွေ အင်တာနက် သုံးတဲ့အခါ ဗဟုသုတတွေ မျှဝေကြတာမျိုး၊ စျေးရောင်းတဲ့ live တွေမှာဆိုရင် live လွှင့်တဲ့သူ ကိုယ်တိုင်ကပါ live ကို ခဏခဏ ပြန်လွှင့်ရတဲ့ အခြေအနေ မျိုးတွေလည်း သတိထားမိပါတယ်။ Facebook ကို ကြည့်မယ်ဆိုပါစို့၊ ပုံတွေက တော်တော်နဲ့ တက်မလာဘဲနဲ့ တော်တော်ကြာမှ တက်လာတာမျိုး၊ ဗီဒီယိုက ကြည့်နေရင်းနဲ့ ရပ်သွားတာမျိုး၊ တော်တော်ကြာမှ ပြန်အဝိုင်းလည်ပြီး တက်လာတာမျိုး စသဖြင့် ဒီကာလတွေမှာတော့ ဒီလိုမျိုး အင်တာနက် နှေးကွေးမှုတွေဖြစ်နေတယ်ဆိုတာကိုတော့ လေ့လာမိတယ်။
DW ။ အထူးသဖြင့် Facebook က ကြည့်ရှူရ အခက်အခဲဆုံးဖြစ်တယ်ပေါ့နော်။ အဲဒီ Facebook နဲ့ ပတ်သက်ပြီး စစ်ကော်မရှင်က ဘယ်လိုထိန်းချုပ်နေလဲ။
ဖြေ ။ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်က Facebook ကို လုံးဝ သုံးလို့မရအောင်ပိတ်ထားတဲ့အတွက် ပြည်သူ တွေက VPN ခံသုံးခဲ့ ရတယ်။ နောက်ပိုင်းမှာ မြေပြင်မှာ ပြည်သူတွေရဲ့ဖုန်းထဲမှာ VPN ရှိရင်ကိုပဲ ဖမ်းဆီး ခံရတာမျိုး အထိ စစ်တပ်က ထိန်းချုပ်ခဲ့တာတွေရှိတယ်။ ဒါကြောင့် ပြည်သူတွေက အပြင်ထွက်ရင် VPN ဖြုတ်ပြီးတော့မှ အပြင်ကို ထွက်ကြ ရတယ်။ နောက် App တွေကိုဖြုတ်ပြီး၊ ရှင်းလင်းပြီးမှ ထွက်ရတာမျိုးတွေလုပ်နေရတယ်။ ၂၀၂၂ ခုနှစ်နောက်ပိုင်း ကတည်းက ပြည်သူတွေရဲ့ ပိုစ့်တွေကို စစ်တပ်က စစ်ဆင်ရေးတစ်ခုအနေနဲ့ စောင့်ကြည့်ပြီးတော့ အမြင်မတူတဲ့ပြည်သူတွေ၊ ဝေဖန်တဲ့ ပြည်သူတွေကို ဖမ်းဆီးဖို့လှုံ့ဆော်တာ၊ အမှန်တကယ်ဖမ်းဆီးတာမျိုးတွေ လုပ်ပြခဲ့တာက အခုချိန်အထိပဲဖြစ်တယ်။ ဒါကြောင့်မို့ အခုချိန်မှာ Facebook ကို သုံးနိုင်တဲ့ပြည်သူတွေက အကန့်အသတ်ကိုရှိနေပြီးတော့ သူတို့စိတ်ဆန္ဒအတိုင်း ထုတ်ရေးနိုင်တာ မရှိဘူး။ Facebook ကို သုံးစွဲနေကြတဲ့ပြည်သူတွေဆိုရင်လည်း သူတို့ရဲ့နိုင်ငံရေးအမြင်တွေကို ထုတ်ဖော် ပြောဆိုတာ မလုပ်ကြတော့ဘူး ။ ပေါ့ပေါ့ပါးပါးပဲ ပိုစ့်တင်တာ၊ ပုံတင်တာ၊ အပျော်အပျက် ဟာသပဲရေးတင်တာမျိုးတွေကို ပြုလုပ်လာတယ်။ သိသိသာသာ သတိထားမိတာက VPN တွေဖြစ်တဲ့ Outline လိုမျိုး VPN တွေရဲ့ pass key တွေက တစ်ရက် သို့မဟုတ် နှစ်ရက်လောက်ပဲ သုံးလို့ရတဲ့ အခြေအနေဖြစ်တယ်။ Facebook သုံးစွဲတဲ့အခါမှာ အခက်အခဲတွေဖြစ်တယ်။ နောက် signal တွေ သုံးတဲ့အခါမှာလည်း အခက်အခဲတွေ ဖြစ်တယ်။ Free VPN တွေဆိုရင်လည်း သုံးချင်တဲ့ပုံစံအတိုင်း သုံးလို့မရဘူး ။ အော်ပရေတာအလိုက်ပြောင်းလဲပြီးတော့ သုံးရတယ်။ Wifi ဆိုရင်လည်း VPN နောက်တစ်မျိုးနဲ့ ပြန်သုံး ရတာမျိုး၊ ပတ်ချာလည်လုပ်နေရတော့ Facebook ကို ပြည်တွင်းက ပြည်သူတွေက အကန့်အသတ်နဲ့ကို အသုံးပြု နေရ တယ်။ Facebook ပေါ်မှာ သတင်းဌာနတွေအောက်မှာ မှတ်ချက်လိုက်ရေးနေတာကလည်း ပြည်သူတွေ မဟုတ်ဘဲနဲ့ စစ်တပ်ရဲ့ ထောက်ခံသူတွေ ဖြစ်နိုင်ခြေများတယ်ဆိုတာကို သတင်းဌာနတွေရော ၊ The Red Flag ရဲ့ တွေ့ရှိချက်တွေအရရော သိနိုင်ပါတယ်။ အခုကာလမှာ နိုင်ငံရေးအကြောင်းရေးနေကြတဲ့ Facebook Acc အများစုက မြေပြင်မှာ နေနေတဲ့ ပြည်သူ စစ်စစ် မဟုတ်ဘဲနဲ့ စစ်တပ်က ခွင့်ပြုထားတဲ့သူတွေ၊ အကောင့်တွေကပဲ လွတ်လွတ်လပ်လပ် သုံးခွင့်ရရှိနေတယ် ဆိုတာကို သုံးသပ်နိုင်တယ်။ Facebook နဲ့ အလားသဏ္ဍာန်တူတဲ့ WeDay Soical Comment ဆိုတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခု ကို စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်းမှာ မိတ်ဆက်ခဲ့တာကိုလည်း တွေ့ရတယ်။ ဒါကို စစ်တပ်ရဲ့ ဝါဒဖြန့်သူ တချို့က ဒီ WeDay မှာ ပြောင်းပြီးတော့ သုံးကြဖို့ပြောဆိုနေတာကိုလည်းတွေ့ရတယ်။ ဒါကြောင့်မို့ ပြည်သူတွေကို Facebook သုံးစွဲခွင့် မရအောင် အလုံးစုံ ပိတ်ဆို့ပြီးတော့ သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေကို နောက်ပိုင်းမှာ သုံးခိုင်းလာနိုင်ခြေ ရှိတယ်လို့ သုံးသပ်မိတယ်။
DW ။ တယ်လီဂရမ် နဲ့ TikTok မှာရော စစ်ကော်မရှင်က ဘယ်လိုဝါဒဖြန့်တာတွေ ဆက်လုပ်နေတာကို သတိထားမိလဲ။
ဖြေ ။ ဆိုရှယ်မီဒီယာတွေကို စောင့်ကြည့်လေ့လာလုပ်နေရင်း ဆိုရှယ်မီဒီယာတွေကို သုံးစွဲတဲ့ ပြည်သူအများစုက ၂၀၂၄၊ ၂၀၂၅ ခုနှစ် မှာ VPN ခံပြီးသုံးစရာမလိုတဲ့ TikTok နဲ့ တယ်လီဂရမ်ကို စပြီးရွှေ့ကြတာကို သတိမူခဲ့မိတယ်။ စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးကတည်းက Facebook ပလက်ဖောင်းပေါ်မှာ ရပ်တည်လို့ မရတော့တာကြောင့် တယ်လီဂရမ်ချန်နယ်ကို အဓိကအသုံးပြုပြီးတော့ သတင်းအတု သတင်းအမှား ဝါဒဖြန့်ချိရေးတွေကို အဓိကလုပ်ခဲ့တယ်။ နဂိုကတည်းကလည်း စစ်တပ်က TikTok ကို အသုံးပြုခဲ့ကြပေမယ့် ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ စစ်တပ်လော်ဘီအများစုက TikTok မှာပါ ဝါဒဖြန့်ချိမှုတွေလုပ်ဖို့လိုကြောင်း လှုံဆော်ခဲ့တာတွေ၊ TikTok ရုပ်သံပြိုင်ပွဲ စတဲ့ဟာတွေကို စစ်တပ်အတွင်းမှာပါ ကျင်းပပြီး ဆုကြေးငွေချီးမြှင့်တာမျိုးတွေ လုပ်ခဲ့တာကိုတွေ့ရတယ်။ အထူးခြားဆုံးကတော့ ၂၀၂၅ခုနှစ်မှာ စစ်ကော်မရှင်က ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ မဲဆွယ်မှုမှာဆိုရင် စစ်တပ်ပါတီဖြစ်တဲ့ USDP (ကြံ့ခိုင်ရေး) က စစ်ဗိုလ်ချုပ်ဟောင်း အမတ်လောင်းတွေက TikTok ပလက်ဖောင်းကို အဓိက အသုံးပြုပြီး မဲဆွယ်မှုတွေ လုပ်ခဲ့တာကိုတွေ့ရတယ်။ သူတို့ရဲ့ လူထုနဲ့ တွေ့ဆုံမှု ၊ နိုင်ငံရေးအတွေးအမြင်တွေကို TikTok အကောင့်တွေကတစ်ဆင့် မျှဝေခဲ့ကြတာကို တွေ့ရတယ်။ The Red Flag ကလည်း ဒီလူငယ်တွေကြားမှာ TikTok အသုံးပြုမှုနဲ့ပတ်သက်တဲ့ သုတေသနတစ်ခု နိုင်ငံတကာအဖွဲ့အစည်းတစ်ခုနဲ့ ပေါင်းလုပ်ထားတာရှိတယ်။ အဲဒီသုတေသနထဲမှာလည်း ဖြေဆိုသူအချို့ရဲ့ လူငယ်တွေရဲ့ ပြောပြချက်တွေအရ TikTok မှာလည်း သတင်းအတု သတင်းအမှားနဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်နေတာတွေက ရောက်နေပြီလို့ တွေ့ရတယ်။
DW ။ ပြည်တွင်းမှာ ရုပ်မြင်သံကြားနဲ့ ပုံနှိပ်မီဒီယာမှာရော သတင်းတွေက ရှာဖွေ ဖတ်ရှုရတာအဆင်ပြေသေးရဲ့လား။ အခုဆိုရင် ဖျော်ဖြေရေးချန်နယ်တွေမှာတောင် စစ်မှုထမ်း၊ ရွေးကောက်ပွဲအကြောင်းတွေ နေ့စဥ်အကြိမ်များစွာ ဖော်ပြနေတယ်ပေါ့နော်။ အဲဒီအပေါ်မှာ စောင့်ကြည့်ဖြစ်တာလေးလည်း ပြောပြပေးပါ။
ဖြေ ။ စောင့်ကြည့်ရင်းနဲ့ ဘာတွေ့ရလဲဆိုတော့ စစ်ကော်မရှင်ရဲ့ ရုပ်မြင်သံကြားတွေကနေ ဖြန့်တဲ့အကြောင်းအရာကို အတိုလေးတွေ ဖြတ်ပြီးတော့ သူတို့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအပေါ်မှာ ပြန်ပြီး ဖြန့်တာမျိုး၊ တယ်လီဂရမ်ချန်နယ် တွေမှာ ပြန်ဖြန့်တာမျိုးတွေကိုလည်း တွေ့ရတယ်။ ဆိုတော့ သုံးသပ်လို့ရတာကတော့ သူတို့ပိုင် ရုပ်မြင်သံကြားနဲ့ မီဒီယာတွေ ဖြစ်တဲ့အတွက် အတော်များများကတော့ ဝါဒဖြန့်နေတာတွေများတယ်။ အဲဒီကနေမှ ဖြတ်ညှပ်တွေလုပ်လာပြီးတော့ သူတို့ရဲ့လော်ဘီချန်နယ်တွေမှာ ဒါတွေကို ပြန်မျှဝေနေတာလို့ သုံးသပ်လို့ရပါတယ်။
DW ။ အင်တာနက် အကန့်အသတ်ကြောင့် VPN နဲ့ ရင်ဆိုင်ကျော်လွှားနေရတဲ့ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့် လက်တလောအခြေအနေက ဘယ်အခြေအနေကို ရောက်နေလဲ ။
ဖြေ ။ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်က အာဏာမသိမ်းခင် အခြေအနေထက်စာရင် အများကြီး ဆိုးဝါးဆုံးရှုံးနေတယ်။ စစ်တပ်ရဲ့ VPN ပိတ်ပင်မှု တစ်ခုတည်းသာမက ဘူးပေါ့နော်၊ ဆိုရှယ်မီဒီယာတွေ ပလက်ဖောင်းကုမ္ပဏီတွေရဲ့ မူဝါဒ အပြောင်းအလဲတွေ အရရော သတင်းတွေက ပြည်သူတွေရဲ့ စာမျက်နှာသိပ်မပေါ်ဘဲနဲ့ ဖတ်ချင်စိတ်ရှိမှ Like and share လုပ်ထားမှ သတင်းဌာနအကြောင်းအရာတွေကို ပေါ်လာနေတာမျိုးတွေ့ရတယ်။ ဒါ့အပြင်စစ်တပ်က သူတို့အကြမ်းဖက် မီဒီယာလို့ ကြေညာထားတဲ့ လွတ်လပ်တဲ့မီဒီယာတွေအောက်မှာ ပြည်သူတွေက Like reaction ပေးရုံနဲ့ ဖမ်းဆီးထောင်ချတာ မျိုးတွေ လုပ်နေတဲ့ အကြောက်တရားတွေလည်းသွင်းနေတာကြောင့်မလို့ ပြည်သူတွေကို သတင်းသိချင်တဲ့စိတ်၊ ကြည့်ချင်တဲ့စိတ်၊ ဝင်ဖတ်ရင် မှတ်ချက် ပေးတာတောင် မဟုတ်ဘဲ ဘယ် React မှ မပေးရဲတော့တဲ့ဟာမျိုးတွေ ဖြစ်တဲ့ပုံစံတွေ ဖြစ်တာကိုလည်း သုံးသပ်လို့ရပါတယ်။ ဒါ့အပြင် လွတ်မြောက်နယ်မြေတွေမှာဆိုလည်း ပြည်သူတွေက အင်တာနက်၊ ဖုန်းလိုင်း အခက်အခဲကြောင့်မို့လို့ သတင်းသိပိုင်ခွင့်က နှောင့်နှေးတယ်ဆိုတာကိုလည်းတွေ့ရတယ်။ တချို့ လွတ်မြောက်နယ်မြေတွေမှာလည်း တချို့ကန့်သတ်ချက်တွေရှိတယ်။ ဥပမာ စတားလင့် အင်တာနက် လိုင်းခြေရာခံပြီးတော့ ဗုံးကြဲခံရလို့ လိုင်း၊ ဖုန်းသုံးလို့ မရတာမျိုး စသဖြင့် ကန့်သတ်ချက်တွေ ရှိတာမလို့ သတင်းသိပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေဟာလည်း ဆုံးရှုံးတဲ့အခြေအနေတွေ ဖြစ်ပေါ်နေတာတွေရှိတယ်။ ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖော် ရေးသားနေတဲ့ သတင်းဌာနတွေက စစ်တပ်အုပ်ချုပ်မှုအောက်မှာကော မြေပြင်တွေမှာကော ပြည်သူနဲ့ တစ်သားတည်း ရပ်တည်ပြီး သတင်းလိုက်နိုင်ဖို့ ခက်ခဲလာတာတွေကလည်း ပြည်သူတွေအတွက် နစ်နာဆုံးရှုံးမှု ဖြစ်စေတယ်။ ပြည်တွင်းက ပြည်သူတွေက စားဝတ်နေရေး အထွေထွေ အကျပ်အတည်းတွေကြောင့် ပြည်သူတွေရဲ့ ရုန်းကန်မှုတွေ သတင်းသိချင်တဲ့ စိတ်ကော ရှိသေးရဲ့လား။ အကြောက်တရားကြောင့် သတင်းဌာနတွေကို ဝင်ကော ကြည့်သေးရဲ့လား ဆိုတာတော့ မေးခွန်းထုတ်စရာ အခြေအနေဖြစ်နေတယ်။
DW ။ စစ်ကော်မရှင်ရဲ့ လူထုကို ဝါဒဖြန့်ယန္တရားမှာ ဘောင်ခတ်ထားဖို့ လုပ်ဆောင်နေတဲ့ ပုံစံက ဘယ်လိုပုံစံနဲ့ အဓိက လုပ်ဆောင်နေလဲ။
ဖြေ ။ စစ်တပ်က ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို နည်းပညာသုံးပြီး ကန့်သတ်ထားတာ တင်မကဘူး ဖမ်းဆီးထောင်ချတဲ့ နည်းနဲ့ အကြောက်တရားသွင်းခြိမ်းခြောက်ထားတာကိုတွေ့ရတယ်။ သူတို့ရဲ့ သတင်းအတု သတင်းအမှား ဝါဒဖြန့်ချိရေး တွေကိုသာ ပြည်သူတွေကို ထပ်တလဲလဲ အသိပေးတာ၊ ဥပမာ နိုင်ငံပိုင်သတင်းစာ၊ စစ်တပ်သတင်းစာနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သူတို့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းအစုံ ချန်နယ်တွေ ရုပ်သံဗီဒီယိုများစွာနဲ့ ထပ်ဖန်တလဲလဲ ဖြန့်နေတာ ဖြစ်တယ်။ အမှားကြာရင် အမှန်ဖြစ်တယ်ဆိုတဲ့ စကားအတိုင်းပဲ မှားတဲ့အကြောင်းအရာတွေကို ထပ်ခါတစ်လဲလဲ ကြာကြာပေးသိခြင်းအားဖြင့် ဒါကမှန်နေလားလို့ ဝေဝါးတယ်။ အဲဒီနည်းနဲ့ Brainwash လုပ်ပြီးတော့ သူတို့ပေးသိချင်တဲ့ အကြောင်းအရာ၊ ဝါဒဖြန့်ချိတဲ့ ဟာတွေကိုသာ သိနိုင်အောင်လုပ်ထားခြင်းနဲ့ ဘောင်ခတ်ထားတယ်။ နောက်တစ်ခု စစ်တပ်အတွင်းမှာပဲ သူတို့ရဲ့ဝါဒဖြန့်ချိမှုက သူတို့ရဲ့လော်ဘီတယ်လီဂရမ်ချန်နယ်တွေကို တစ်နေ့မှ မကြည့်မနေရ ၊ ရုပ်မြင်သံကြား မကြည့်မနေရ စသဖြင့်အမိန့် ထုတ်ပြန်ထားပြီး တကယ်လည်းကြည့်ပြီးကြောင်း သတင်းပို့ရတဲ့ ဖြစ်စဥ်တွေ အထိ ထိန်းချုပ်ထားကြောင်း သတင်းဌာနတွေရဲ့ ဖော်ထုတ်ရေးသားမှုကတစ်ဆင့်သိရတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်ကောင်စီတပ် ဝါဒဖြန့်ချိတဲ့ ပုံစံကတော့ ပြည်တွင်းနဲ့ကွဲပြားတယ်။ နိုင်ငံတကာလော်ဘီကုမ္ပဏီတွေ ငှားရမ်းခြင်းနဲ့ ပြည်တွင်းပညာရှင် အဖွဲ့တွေကတစ်ဆင့် နိုင်ငံတကာ သံအမတ်တွေ၊ နိုင်ငံတကာ အလည်အပတ်သွားတဲ့ စစ်ခေါင်းဆောင်နဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေရဲ့ ခရီးစဥ်တွေက တစ်ဆင့် ဖြန့်ချိတဲ့ပုံစံနဲ့သွားနေကြောင်း The Red Flag က သတိမူမိပါတယ်။
DW ။ အာဏာသိမ်း ငါးနှစ်တာအတွင်း ဆိုရှယ်မီဒီယာစောင့်ကြည့်လေ့လာမှုတွေအရ ပြည်တွင်းက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ၊ ပလက်ဖောင်းတွေနဲ့ အသုံးပြုပုံတွေက ဘယ်လိုဆင့်ကဲပြောင်းလဲ လျော့ကျလာသလဲ။
ဖြေ ။ ပြည်တွင်းက ဆိုရှယ်မီဒီယာ အသုံးပြုမှုကတော့ အကြောက်တရား၊ ကန့်သတ်ချက်တွေ၊ အင်တာနက်လိုင်း ဖုန်းလိုင်း အခက်အခဲတွေကြောင့် ထုတ်ဖော်ပြောဆိုမှုတွေ လျော့ကျလာတာတွေ့ရတယ်။ အထွေထွေ အကျပ်အတည်းတွေလည်း ရှိတယ်။ ပြည်သူတွေက သူတို့ရင်ဆိုင်နေရတဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာတွေ၊ ပြီးတော့ ပြင်ပ ပွဲလမ်း သဘင်တွေ စိတ်ဝင်စားတဲ့ဟာမျိုးတွေ၊ ပြည်ပကိုထွက်ခွာနိုင်ဖို့ ပိုမိုအားထုတ်အားစိုက်နေရတာကို မြင်ရတယ်။ ဒါ့အပြင် VPN လည်းသုံးဖို့ မလိုဘူး၊ စစ်တပ်ရဲ့ စောင့်ကြည့်ခံရတာလည်း နည်းပြီးတော့ အွန်လိုင်းဝင်ငွေလည်း ရစေ၊ စိတ်လည်း အပန်းစေတဲ့ ကခုန်တာမျိုးတွေကို ကြည့်လို့ရမယ့် TikTok ကို ပိုသုံးနေတာလည်းဖြစ်နိုင်ပါတယ်။ TikTok မှာက သတင်းတင်တဲ့အခါ Facebook လို ဓာတ်ပုံနဲ့စာသားကြီးပဲ တင်လို့မရဘဲနဲ့ ရုပ်သံ ရိုက်ကူးပြီးမှ တင်ဆက်ရတာမျိုး စသဖြင့် ကန့်သတ်ချက်တွေရှိနေတာကြောင့်မို့လို့ လွတ်လပ်ပြီးစိတ်ချရတဲ့ မြန်မာသတင်းဌာနတွေက TikTok မှာ လူထုကြားထဲ Reach ရောက်တာ သိပ်မရှိသေးဘူး။ ဒါကြောင့် သတင်းအချက်အလက်ရရှိမှုက TikTok မှာ အကန့်အသတ်တွေ ရှိတယ်လို့ သုံးသပ်ရတယ်။ ဒါ့အပြင် လူတိုင်းရုပ်သံဖြန့်ချိလို့ရတာမလို့ ဖြန့်ချိနေတဲ့အကြောင်းအရာတွေက မှန်ကန်ရဲ့လား။ သေချာရဲ့လား သတင်းအချက်အလက်မှန်ကန်မှုမှာလည်း မေးခွန်းထုတ်စရာဖြစ်နေတာကြောင့် ပြည်သူထံကို သတင်းအမှန်ရောက်ရှိမှုကလည်း သက်ရောက်မှုရှိတယ်။
DW ။ စစ်အုပ်စုက အင်တာနက်လိုင်းတွေ နှေးကွေးအောင်လုပ်တာနဲ့ VPN တွေကို ပစ်မှတ်ထားပိတ်ဆို့နေတာဟာ သတင်းစီးဆင်းမှုကို ဘယ်လောက်အထိ အတိုင်းအတာအထိ ထိခိုက်စေသလဲ။
ဖြေ ။ VPN ကို ပိတ်ပင်ထားခြင်းက စစ်တပ်က သူတို့မကြည့်စေချင်တဲ့ ဆိုရှယ်မီဒီယာ တွေကို မကြည့်နိုင်အောင် နည်းပညာ သုံးပြီး ကန့်သတ်ထားတယ်။ အဓိက မြန်မာပြည်သူတွေ အသုံးပြုများတဲ့ Facebook ပလက်ဖောင်းကို အဓိက ဖြတ်တောက် ချင်တယ်။ စစ်တပ်နဲ့ သက်ဆိုင်တဲ့အကောင့်တွေ Facebook က ရပ်တည်ခွင့်မပြုတာကြောင့်လည်း ပစ်မှတ်ထားတာမျိုး ဖြစ်တယ်လို့လည်း ဖြစ်နိုင်တယ်။ နောက် သတင်းစီးဆင်းမှုကတော့ ဆိုးဆိုးဝါးဝါးထိခိုက်နေတာတော့ သေချာတယ်။ စစ်တပ်ရဲ့ နည်းပညာဖြတ်တောက်မှုနဲ့ အကြောက်တရားအပြင် ဖုန်းလိုင်း အင်တာနက်လိုင်း လျှပ်စစ်မီးလိုင်း မကောင်း တာတွေ၊ ပြီးတော့ တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာလည်း အကန့်အသတ်တွေ ရှိတာကြောင့်မို့လို့ သတင်းစီးဆင်းမှုက ထိခိုက်နေတာတွေရှိနိုင်တယ်။ ဒါ့အပြင် တိုက်ပွဲတွေဖြစ်တယ်၊ ဗုံးကြဲတယ်၊ မီးရှို့ခံနေရတယ်၊ စစ်ရှောင်နေရတဲ့ ပြည်သူတွေ အတွက်က ပိုပြီးတော့ သတင်းအချက်အလက်ရရှိမှုက ပိုပြီးတော့ ခက်ခဲဆိုးဝါးနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ယူဆသုံးသပ် ရပါတယ်။
DW ။ အင်တာနက် ဖြတ်တောက်၊ နှေးကွေးထားတဲ့အချိန်အတွင်းမှာ သတင်းမှား၊ ဝါဒဖြန့်မှုတွေ ပျံ့နှံ့မှုအခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ ။ စစ်ကောင်စီတပ်က စစ်အာဏာရှင်တွေရဲ့ ဓလေ့ထုံးတမ်းအတိုင်း သတင်းအတု သတင်းအမှား ဝါဒဖြန့်ချိရေးတွေကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ နည်းဗျူဟာတွေနဲ့ အကောင်အထည်ဖော်နေတာတွေကို မေ့လို့မရဘူး။ စစ်တပ်က လူတွေ အများကြီးကို လေ့ကျင့်ပေးထားပြီးတော့ အကောင့်ပေါင်းစုံနဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအစုံကနေပြီးတော့ သတင်းအတု သတင်းအမှား ဝါဒဖြန့်ချိရေးတွေကို ပြုလုပ်နေတဲ့အပြင် မြေပြင်မှာရော စာသင်ကျောင်းတွေအထိပါသွားပြီး လက်ကမ်းစာစောင်ဝေတာတွေ၊ ဟောပြောတာ၊ သတင်းအတု သတင်းအမှားတွေ သူတို့ပေးသိချင်တဲ့ အချက်အလက် တွေကိုပဲ တောက်လျှောက်ပျံ့နှံ့အောင်ပြုလုပ်နေတာဖြစ်တယ်။ ဒါ့အပြင် ရုပ်မြင်သံကြားကလည်း သူတို့လက်အောက်ခံ ရုပ်သံတွေပဲ ဖြစ်တယ် ။ ပြည်တွင်းမှာ လက်ရှိလှုပ်ရှားရေးသားနေတဲ့ သတင်းဌာနတွေကလည်း အများစုကတော့ စစ်တပ် အာဘော်ကိုသာ ရေးသားထုတ်ဝေနေတဲ့ သတင်းစာတွေပဲဖြစ်တာကိုတွေ့ရတယ်။ ဒါကြောင့်မို့ ပြည်သူတွေက အင်တာနက် မရလို့ လွတ်လပ်တဲ့သတင်းဌာနတွေက တင်ဆက်တဲ့ သတင်းအချက်အလက်အမှန်တွေကို သိရှိဖို့ အတွက် ခက်ခဲနိုင်ပေမယ့် စစ်တပ်ရဲ့သတင်းအတု သတင်းအမှား တွေကိုတော့ သိရဖို့က လက်တစ်ကမ်း အနီးအနားမှာပဲ ရှိတယ်။ ဒါကြောင့်မို့ နိုင်ငံရေး ဖြစ်စဥ်တွေနဲ့ အလှမ်းဝေးပြီး ရိုးသားတဲ့ ပြည်သူအသိုင်းအဝိုင်းမှာဆိုရင် စစ်တပ်ရဲ့ ဝါဒဖြန့်နေတာတွေက အောင်မြင်နိုင်ခြေ ပိုများတယ်လို့ သုံးသပ်ရတယ်။ အင်တာနက် ဖြတ်တောက် နှေးကွေးထားတဲ့ အချိန်အတွင်းမှာ သတင်းအတု သတင်းအမှား ပျံ့နှံ့နေတာက အရှိန်အဟုန်နဲ့ပဲ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပြည်သူကိုယ်တိုင်ကလည်း ရရှိထားတဲ့ သတင်းအချက်အလက်မှန်ကန်မှုရှိမရှိ စိစစ်နိုင်တဲ့ သတင်းမီဒီယာ သိမြင်မှု၊ သိမှတ်မှု အသိပညာ ဗဟုသုတွေ၊ အချက်အလက်တွေကို စစ်ဆေးတဲ့ ဗဟုသုတတွေ ရှိနေဖို့လိုအပ်တယ်။ သတင်းဌာနတွေနဲ့ အချက်အလက်တွေကို စစ်ဆေးတဲ့ အဖွဲ့အစည်းတွေကလည်း မြေပြင်က ပြည်သူတွေကို အမှန်တကယ်ထိခိုက်ပြီး သက်ရောက်မှုကြီးနိုင်တဲ့ အကြောင်းအရာတွေဆို အချိန်နဲ့တပြေးညီ စိစစ်တင်ပြနိုင်ဖို့လိုပါတယ် ။
DW ။ ဖြည့်စွက်ပြောကြားလိုတာ ပြောပေးပါ။
ဖြေ ။ သတင်းစီးဆင်းမှုက အဟန့်အတားဖြစ်နေတယ်ဆိုပေမဲ့လည်း ပြည်သူတွေရဲ့ သတင်းသိမှုနဲ့ နိုင်ငံရေးရေချိန်တွေကို လျှော့တွက်လို့ မရပါဘူး။ ဒါကြောင့်မို့ လက်ရှိ အခြေအနေမှာ မှန်ကန်တဲ့ သတင်းတွေကို တင်ဆက်နေတဲ့ သတင်းဌာနတွေ က ပြည်တွင်းမှာ ပြန်မရပ်တည်နိုင်သေးဘူး၊ ပြီးတော့ ပြည်သူတွေကို အသိပညာပေးမယ့် အရပ်ဘက်အဖွဲ့အစည်းတွေ ပြည်တွင်းမှာ မရှိနိုင်သေးတဲ့ကာလမှာ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို အမှန်အတိုင်း သိမြင်နိုင်မယ့် ပြောသမျှမယုံဖို့ ၊ အချက်အလက်တွေကို စိစစ်ဖို့ လိုအပ်ကြောင်း သိမှတ်မှု ရှိတဲ့ ပြည်သူတွေကို များပြားစေချင်တယ်။ ဒါကြောင့် မီဒီယာ အဖွဲ့အစည်းတွေက ဒါတွေကို ပိုပြီးတော့ တွန်းတွန်းတိုက်တိုက်လုပ်နိုင်ဖို့ အကြံပြုချင်ပါတယ်။
DW ။ ကျေးဇူးတင်ပါတယ်။







