ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်အား ဟောင်ကောင်တရားရုံးက ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။
နိုင်ငံခြားအင်အားစုများနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု စွဲချက်နှစ်ခု၊ အစိုးရကို ဆန့်ကျင်ရန် လှုံ့ဆော်သည့် အရေးအသားများ ထုတ်ဝေမှု စွဲချက်တစ်ခု အပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်များဖြင့် ယင်းသို့ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။
လက်ရှိ ပိတ်သိမ်းထားပြီးဖြစ်သော Apple Daily သတင်းစာကို တည်ထောင်သူ ဂျင်မီလိုင်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ပထမဆုံး ဖမ်းဆီးခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာလတွင် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့သည်။
ဂျင်မီလိုင်သည် နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းကြံစည်မှုများ၏ နောက်ကွယ်မှ အဓိကကြိုးကိုင်သူ၊ အဓိက တွန်းအားပေးသူ ဖြစ်ခြင်းကြောင့် ပြစ်ဒဏ်ကို ပိုမိုတိုးမြှင့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဟောင်ကောင်တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ဗြိတိန်နိုင်ငံသားခံယူထားသူ အသက် ၇၈ နှစ်အရွယ် ဂျင်မီလိုင်သည် ၎င်းအပေါ် စွဲချက်အားလုံးကို ငြင်းဆိုထားခဲ့သည်။
၎င်းသည် ဘေဂျင်း၏ ဖိနှိပ်မှုကို ခံနေရသည့် “နိုင်ငံရေးအကျဉ်းသား” တစ်ဦးသာဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ယခုဖြစ်ရပ်သည် ၂၀၁၉ ခုနှစ် ဒီမိုကရေစီအရေး ဆန္ဒပြပွဲများအပြီး တရုတ်အုပ်ချုပ်မှုအောက်ရှိ ဟောင်ကောင်တွင် အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် နှစ်ရှည်လများ နှိမ်နင်းနေမှုများကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
“အသက် ၇၈ နှစ်အရွယ် ဂျင်မီလိုင်အပေါ် ချမှတ်လိုက်တဲ့ ပြင်းထန်လွန်းတဲ့ ထောင်ဒဏ် အနှစ် ၂၀ ဟာ တကယ်တမ်းတော့ သေဒဏ်ပေးလိုက်တာနဲ့ အတူတူပါပဲ” ဟု Human Rights Watch ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာ အီလိန်း ပီယာဆန်က ပြောကြားခဲ့သည်။
“ဒီလောက်အထိ ကြီးမားတဲ့ ပြစ်ဒဏ်ဟာ ရက်စက်ရာကျသလို လုံးဝကို မတရားတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
ဂျင်မီလိုင်သည် နှလုံးတုန်ခြင်းနှင့် သွေးတိုးရောဂါ အပါအဝင် ကျန်းမာရေးပြဿနာများ ခံစားနေရသဖြင့် ထောင်ထဲတွင် သေဆုံးသွားနိုင်ကြောင်း ၎င်း၏ မိသားစု၊ ရှေ့နေ၊ ထောက်ခံသူများနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများက သတိပေး ပြောဆိုထားသည်။
ဂျင်မီလိုင်၏ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်နှင့် တစ်ဦးတည်း သီးခြားချုပ်နှောင်ခံထားရမှုများအပေါ် မူတည်၍ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် ဆန္ဒမရှိကြောင်း တရားသူကြီးများက ဆိုသည်။







