ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအလုပ်သမားအဖွဲ့များကို နှိမ်နင်းမည်ဟု မဲဆွယ်ဆော်ဩထားသော ထိုင်းဖတ်ဒီးပါတီက ပါတီကိုယ်စားပြုအမတ်နေရာ တစ်နေရာသာရရှိကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် မဲအရေအတွက်အားလုံး၏ ၉၅ ရာခိုင်နှုန်းကို ရေတွက်ထားပြီးဖြစ်သည်။
သို့သော်လည်း ထိုင်းဖတ်ဒီးပါတီက ခရိုင်ကိုယ်စားပြုအမတ် ၄၀၀ နေရာတွင် ခရိုင်အသီးသီး၌ မဲရလဒ် ၄ ရာခိုင်နှုန်းထက်ပိုပြီး အနိုင်ရရှိထားခြင်းမရှိပေ။
ပါတီကိုယ်စားပြုလွှတ်တော်အမတ် (Party-list) နေရာအတွက် မဲပေးသူဦးရေ ၂ သိန်းကျော်နှင့်အတူ အချိုးကျစနစ်ဖြင့် အမတ်နေရာ တစ်နေရာသာ ရရှိထားခြင်းဖြစ်သည်။
ထိုင်းဖတ်ဒီးပါတီ (Thai Pakdee) သည် ရွေးကောက်ပွဲတွင်သာ အနိုင်ရရှိပါက မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းသွားမည်ဟု ဗီဒီယိုမှတ်တမ်းဖြင့် ဆက်တိုက်မဲဆွယ်စည်းရုံးခဲ့သလို စင်မြင့်ထက်တွင်လည်း လှုံ့ဆော်ခဲ့သော ပါတီတစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံထဲ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် မြန်မာအလုပ်သမားကူညီရေးအဖွဲ့များ၊ အလုပ်သမားများ သမဂ္ဂဖွဲ့စည်းရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းပေးမည်ဖြစ်ပြီး NGO ဥပဒေနှင့် ပတ်သက်၍ ပိုတင်းကျပ်သွားမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့သူဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ပါတီဖြစ်သော Bhumjaithai ပါတီက အနိုင်ရရှိပြီဖြစ်ကြောင်း ကြေညာထားပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် ပြင်ဆင်နေပြီဖြစ်သည်။
Bhumjaithai ပါတီက အိမ်သုံးလျှပ်စစ် တစ်ယူနစ် ၃ ဘတ်ဖြစ်ရေး၊ ထိုင်းပြည်သူများကို ချေးငွေထုတ်ပေးရေးနှင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခဖြေရှင်းရေးများကို မဲဆွယ်စည်းရုံးထားသည်။
ပြီးခဲ့သော ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အနုထင် အစိုးရက အကောင်အထည်ဖော်ခဲ့သော “Half-half plus co-payment” ဟုခေါ်သည့် ပြည်သူနှင့် အစိုးရ တစ်ဝက်စီ ပေးချေရေး အစီအစဉ်သည် ထိုင်းပြည်သူများကြား ရေပန်းစားခဲ့သည်။
“Half-half plus co-payment” အစီအစဉ်ဆိုသည်မှာ ထိုင်းပြည်သူများက သာမန်ဈေးဆိုင်များတွင် ဈေးဝယ်ရာတွင် တစ်ဝက်သာ ပေးချေရန်လိုအပ်ပြီး ထိုင်းအစိုးရက တစ်ဝက်ပေးချေပေးမည်ဖြစ်ကာ တစ်နေ့လျှင် အများဆုံး ၂၀၀ အထိ အသုံးပြုနိုင်မည်ဖြစ်သည်။







