လက်ယာယိမ်းဂျပန်ဝန်ကြီးချုပ် ဆာနအဲတာကအိချိ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် ဖေဖော်ဝါရီလ ၈ ရက်နေ့က လွှတ်တော်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် စံချိန်တင် အနိုင်ရခဲ့သည်။
အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာအနက် ၃၁၆ နေရာ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ရန် လိုအပ်သည့် အောက်လွှတ်တော်အမတ်နေရာ ၂၆၁ နေရာကို သိသိသာသာ ကျော်လွန်၍ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယခု ရွေးကောက်ပွဲအနိုင်ရလဒ်သည် ၁၉၅၅ ခုနှစ် ပါတီစတင်တည်ထောင်ချိန်မှစ၍ စံချိန်တင်အမြင့်ဆုံး အနိုင်ရလဒ် ဖြစ်သည်။
ကွယ်လွန်သူ ဝန်ကြီးချုပ် ယာဆူဟီရိုနာကာဆိုနီ လက်ထက် ၁၉၈၆ ခုနှစ်က အမတ်နေရာ ၃၀၀ အနိုင်ရခဲ့သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
LDP ပါတီ၏ မဟာမိတ်အသစ်ဖြစ်သည့် ဂျပန်ဆန်းသစ်တီထွင်မှုပါတီ (Japan Innovation Party) ကလည်း အမတ်နေရာ ၃၆ နေရာ အနိုင်ရခဲ့သည်။
ယင်းကြောင့် ဝန်ကြီးချုပ် တာကအိချိ၏ အာဏာရညွန့်ပေါင်းအဖွဲ့သည် စုစုပေါင်း အမတ်နေရာ ၃၅၂ နေရာအထိ ရရှိထားပြီ ဖြစ်သည်။
LDP ပါတီသည် အထက်လွှတ်တော်တွင် အမတ်နေရာ အများစု မရရှိထားသော်လည်း လုပ်ပိုင်ခွင့်ပိုရှိသည့် အောက်လွှတ်တော်တွင် ယခင်ကထက် အမတ်နေရာ အပြတ်အသတ် ပိုမိုရရှိလာသည်။
ယင်းကြောင့် ဝန်ကြီးချုပ်တာကအိချိအနေဖြင့် သူမ၏ လက်ယာယိမ်း မူဝါဒများကို ရှေ့ဆက်အကောင်အထည် ဖော်လာနိုင်မည် ဖြစ်သည်။
အဆိုပါ လက်ယာယိမ်းမူဝါဒများသည် တရုတ်နိုင်ငံနှင့် တင်းမာမှု မြင့်တက်နေချိန် ဂျပန်၏ စီးပွားရေးနှင့် စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ၊ အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ဂျပန်ဝန်ကြီးချုပ်က ရည်ရွယ်သည်။
တာကအိချိသည် နိုင်ငံခြားသားများအပေါ် တင်းကျပ်သည့် မူဝါဒများ၊ သူလျှိုတိုက်ဖျက်ရေးနှင့် အစွန်းရောက် လက်ယာယိမ်းဝါဒီများ အကြိုက်တွေ့စေမည့် အခြားသော မူဝါဒများကို တွန်းအားပေး လုပ်ဆောင်လျက် ရှိသည်။
ယင်းမူဝါဒများကြောင့် အရပ်ဘက်ပြည်သူ့အခွင့်အရေးများကို ထိခိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြလျက် ရှိသည်။
နိုင်ငံကို အင်အားတောင့်တင်းပြီး သာယာဝပြောစေမည့် မူဝါဒများကို အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
မူဝါဒဆိုင်ရာ ရည်မှန်းချက်များကို ပြတ်ပြတ်သားသား အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သော်လည်း အတိုက်အခံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းသွားမည်ဟု တာကအိချိက ဆိုသည်။
ဂျပန်ဝန်ကြီးချုပ်တာကအိချိသည် လွှတ်တော်ကို ဖျက်သိမ်း၍ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ယခုနှစ် ဇန်နဝါရီလအတွင်း ဆုံးဖြတ်ခဲ့သည်။
တာကအိချိမှာ လူကြိုက်များသော်လည်း ဂျပန်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာသည့် အာဏာရ LDP ပါတီသည် မကြာသေးမီနှစ်များအတွင်း ဘဏ္ဍာရေးနှင့် ဘာသာရေးဆိုင်ရာ အရှုပ်တော်ပုံများကြောင့် ရုန်းကန်နေခဲ့ရသည်။
သူမအပေါ် လူထုထောက်ခံမှု မြင့်မားနေစဉ် ပါတီ၏အခြေအနေကို ပြုပြင်ပြောင်းလဲရန် မျှော်လင့်ချက်ဖြင့် တာကအိချိသည် ဝန်ကြီးချုပ်ရာထူးရယူပြီး သုံးလအကြာတွင် ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
Source: CBC ၊ DW







