ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ပါတီဖြစ်သော Bhumjaithai ပါတီက အနိုင်ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီတွင် မဲအရေအတွက်အားလုံး၏ ၉၅ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် Bhumjaithai ပါတီက အမတ်နေရာ ၁၉၄ နေရာဖြင့် ပထမနေရာမှ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူက လက်ရှိဝန်ကြီးချုပ်ဖြစ်ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကို အခြေခံ၍ အချုပ်အခြာအာဏာကို တည်မြဲစေရန် မဲဆွယ်စည်းရုံးခဲ့သူဖြစ်သည်။
ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် အသင့်ရှိနေပြီဖြစ်ပြီး ပြည်သူအားလုံး စည်းလုံးချိန်တန်ပြီဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့သူဖြစ်သည်။
Move Forward ပါတီက ပြောင်းလဲဖွဲ့စည်းထားသော ပြည်သူ့ပါတီ (People’s Party) က အမတ်နေရာ ၁၁၆ နေရာတွင် အနိုင်ရရှိထားပြီး ဒုတိယနေရာက ဦးဆောင်နေသည်။
ပြည်သူ့ပါတီသည် ဘန်ကောက်၊ နွန်ထဘူရီ၊ လမ်ဖွန် စမွတ်စွန်ခရမ်ခရိုင်များရှိ နေရာအားလုံးတွင် အနိုင်ရရှိထားသည်။
၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် Move Forward ပါတီက အနိုင်ရရှိခဲ့သော အချို့ခရိုင်များတွင် ပြည်သူ့ပါတီက Bhumjaithai ပါတီကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ တည်ထောင်ထားသော Pheu Thai ပါတီက အမတ်နေရာ ၇၆ ကျော်ဖြင့် တတိယနေရာက ဦးဆောင်နေသည်။
Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူက ရွေးကောက်ပွဲ အနိုင်ရရှိကြောင်း ကြေညာထားသလို ညွန့်ပေါင်းအစိုးရဖွဲ့ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဖော်ပြသည်။
ပြည်သူ့ပါတီကမူ ရွေးကောက်ပွဲ ရှုံးနိမ့်ထားကြောင်း ဝန်ခံထားပြီး ညွန့်ပေါင်းအစိုးရအဖွဲ့တွင် မပါဝင်ဟု ဆိုထားသည်။
လက်ရှိရွေးကောက်ပွဲတွင် ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ရေးဆွဲရန် သင့်မသင့် လူထုဆန္ဒခံယူပွဲကိုပါ တစ်ပြိုင်တည်း ကျင်းပခဲ့ရာ ထိုင်းပြည်သူ ၆၀ ရာခိုင်နှုန်းခန့်က အသစ်ရေးဆွဲရန် ထောက်ခံထားသည်။
Ref: The Nation Thailand, Khaosod, Election Commission







