ထိုင်းနိုင်ငံတွင် မျိုးဗီဇပြောင်း ရာသီတုပ်ကွေး ရောဂါပိုးသစ် (A H3N2) ကူးစက်မှု မြင့်တက်နေပြီး ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနေကြောင်း ချူလာလောင်ကွန်းတက္ကသိုလ် ဆေးပညာဌာနမှ ဇန်နဝါရီလ ၈ ရက်နေ့က သတိပေးလိုက်သည်။
မျိုးဗီဇပြောင်း ရာသီတုပ်ကွေး ရောဂါပိုးသည် ကာကွယ်ဆေးများကို ခုခံနိုင်စွမ်းရှိနေသဖြင့် ကူးစက်မှုနှုန်း မြန်လာခြင်းဖြစ်ကြောင်း ဆေးပညာဌာနမှ ဗိုင်းရပ်စ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပါမောက္ခ Yong Poovorawan က ပြောသည်။
K type ဟု သတ်မှတ်ထားသည့် A H3N2 တုပ်ကွေးဗိုင်းရပ်စ်သည် ကိုယ်ခံအားစနစ်ကို ကျူးကျော်ဝင်ရောက်ပြီး ကာကွယ်ဆေး၏ စွမ်းဆောင်ရည်ကို လျော့နည်းသွားအောင် လုပ်ဆောင်နိုင်ကြောင်း ပါမောက္ခက သတိပေးသည်။
လက်ရှိတွင် ကူးစက်မှုနှုန်း မြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိကြောင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးကာကွယ်ဆေးနှင့် ကုသဆေးများဖြင့်လည်း ကုသနိုင်ဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ကာကွယ်ဆေး၏ ထိရောက်မှု လျော့နည်းလာသော်လည်း ဘေးထွက်ဆိုးကျိုးနည်းပြီး ဈေးသက်သာသဖြင့် ပြည်သူများ တုပ်ကွေးကာကွယ်ဆေးကို ဆက်လက်ထိုးနှံကြရန် ပါမောက္ခက အကြံပြုသည်။
ပြီးခဲ့သောနှစ်က ထိုင်းတွင် တုပ်ကွေးကူးစက်ခံရသူ ၁ သန်းကျော်ရှိခဲ့ပြီး အများစုမှာ ရာသီတုပ်ကွေး ရောဂါပိုး A H1N1 အမျိုးအစားဖြစ်ကာ နှစ်ကုန်ပိုင်းတွင် A H3N2 အမျိုးအစား ရောဂါပိုးအသစ် ပေါ်လာပြီးနောက် ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ ဆောင်းရာသီတွင် မျိုးဗီဇပြောင်း A H3N2 တုပ်ကွေးရောဂါသည် ထိုင်းမြောက်ပိုင်းခရိုင်များတွင် ကူးစက်ပျံ့နှံ့နေပြီး ကာကွယ်ဆေးကို ခုခံနိုင်စွမ်းရှိသဖြင့် ပုံမှန်ထက် ပိုမိုကူးစက်မှုနှုန်း မြန်နေကြောင်း ပါမောက္ခက သတိပေးသည်။
လာမည့်မိုးရာသီတွင်လည်း ထိုင်းတောင်ပိုင်းတစ်လျှောက်တွင် ရာသီတုပ်ကွေး ကူးစက်မှုနှုန်း မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
ရာသီတုပ်ကွေးရောဂါများသည် ဖျားခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ မောပန်းလွယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းစသော လက္ခဏာများကို ခံစားရနိုင်သည်။







