စစ်အုပ်စုရွေးကောက်အပွဲ ပထမပိုင်းတွင် တနင်္သာရီတိုင်းအမျိုးသားလွှတ်တော်နှစ်နေရာကို ကြံ့ခိုင်ရေးပါတီကပင် ထပ်မံအနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၈ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် တနင်္သာရီတိုင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ကော့သောင်းခရိုင်နှင့် အမှတ် (၄) ဘုတ်ပြင်းခရိုင်မဲဆန္ဒနယ်တို့တွင် အနိုင်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဘုတ်ပြင်းမြို့နယ်အား ဘုတ်ပြင်းခရိုင်အဖြစ် စစ်အုပ်စုက ပြောင်းလဲ သတ်မှတ်ထားခြင်း ဖြစ်သည်။
ထိုမဲဆန္ဒနယ်နှစ်ခုစလုံးတွင် ကြံ့ခိုင်ရေးပါတီသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အား ကြိုတင်မဲဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။
မဲရုံ မဲရလဒ်အရ တစညပါတီ ကိုယ်စားလှယ်နှစ်ဦးစလုံးက အနိုင်ရခဲ့သော်လည်း ကြိုတင်မဲများ ထည့်ပေါင်းလိုက်ချိန် ကြံ့ခိုင်ရေးပါတီက နှစ်ဦးစလုံး အနိုင်ရသွားခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ကော့သောင်းခရိုင်တွင် တစညပါတီကိုယ်စားလှယ်လောင်း ဒေါ်ချိုဝင်းက မဲရုံမဲ တစ်သောင်းကိုးထောင်ကျော် (၁၉၀၃၂) ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်ကြူနိုင်မှာ တစ်သောင်း ငါးထောင်ကျော် (၁၅၅၀၅) ရရှိခဲ့သည်။
သို့သော် ကြိုတင်မဲတွင်မူ ဒေါ်ချိုဝင်းက ခုနစ်ရာကျော် (၇၇၇) မဲရရှိခဲ့ပြီး ဦးအောင်ကြူနိုင်မှာ လေးထောင်ကျော် (၄၄၆၇) မဲရရှိခဲ့သည်ဟု ဆိုသည်။
မဲရလာဒ်နှစ်ခုပေါင်းတွင် ဦးအောင်ကြူနိုင်က ဒေါ်ချိုဝင်းထက် ၁၆၃ မဲအသာရသွားပြီး အနိုင်ရသွားခြင်းဖြစ်ကြောင်း ရွေးကောက်ကော်မရှင်က ထုတ်ပြန်ထားသည်။
အလာအတူ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၄ ဘုတ်ပြင်းခရိုင်တွင်လည်း ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ဦးဇော်မင်းသန်းက တစည ကိုယ်စားလှယ်လောင်း ဦးရွှေထွန်းကို ကြိုတင်မဲဖြင့်ပင် အနိုင်ရသွားခဲ့သည်။
ဦးဇော်မင်းသန်းမှာ မဲရုံမဲ ၈၀၈၀၊ ကြိုတင်မဲ ၃၁၄၅ မဲရရှိခဲ့ပြီး စုစုပေါင်း ၁၁၂၂၅ မဲရရှိခဲ့သည်။ တဘက်တစညပါတီက ဦးရွှေထွန်းတွင်မူ မဲရုံမဲ ၈၂၇၀၊ ကြိုတင်မဲ ၄၄၉ မဲ စုစုပေါင်း ၈၇၁၀ မဲ ရရှိခဲ့သည်။
စုစုပေါင်း မဲရလဒ်အရ ကြံ့ခိုင်ရေးပါတီက ဦးဇော်မင်းသန်းသည် တစညပါတီက ဦးရွှေထွန်းအား ၂၁၂၅ မဲဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း (၁) အပြီး တနင်္သာရီတိုင်တွင် ကြံ့ခိုင်ရေးပါတီက လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ် ၁၃ ဦး အနိုင်ရထားပြီး ပြည်သူ့ပါတီက တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနိုင်ရထားသည်။







