ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်မပါဘဲ ဗင်နီဇွဲလားအပေါ် စစ်ရေးအရ အရေးယူမှုကို ကန့်သတ်ရန် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်အထက်လွှတ်တော် ဇန်နဝါရီလ ၈ ရက်က မဲခွဲဆုံးဖြတ်အတည်ပြုလိုက်သည်။
ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်၏ ထိန်းချုပ်ကြီးကြပ်မှုမှာ နှစ်ချီ ကြာမြင့်နိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုထားသော်လည်း အထက်လွှတ်တော်က ယင်းသို့ မဲခွဲအတည်ပြုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ့ ၅၂ မဲ ၊ ကန့်ကွက်မဲ ၄၇ မဲဖြင့် အတည်ပြုဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
အထက်လွှတ်တော်အတွင်း ဒီမိုကရက်အမတ်အားလုံးနှင့် ရီပတ်ဘလင်ကန်အမတ်အချို့က ထောက်ခံမဲ ပေးခဲ့ကြသည်။
အမေရိကန်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံကို ကြီးကြပ်စီမံကာ ဗင်နီဇွဲလား၏ ရေနံဝင်ငွေများကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားနိုင်ကြောင်း New York Times နှင့် အင်တာဗျူးတွင် ထရမ့်က ပြောကြားထားသည်။
ဗင်နီဇွဲလား၏ အိမ်နီးချင်း ကိုလံဘီယာနိုင်ငံကိုလည်း စစ်ရေးအရ တိုက်ခိုက်မည့် ခြိမ်းခြောက်မှုကို ထရမ့်က ပြန်ရုတ်သိမ်းလိုက်ပုံ ရကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
ယခင်က ‘လူမမာ’ ဟု ၎င်း ခေါ်ဝေါ်ခဲ့ဖူးသည့် လက်ဝဲယိမ်း ကိုလံဘီယာခေါင်းဆောင်ကို ထရမ့်က ဝါရှင်တန်သို့ ဖိတ်ကြားခဲ့သည်။
ဗင်နီဇွဲလားကို အမေရိကန်က မည်မျှကြာအောင် ထိန်းချုပ်ကြီးကြပ်သွားမည်ဆိုသည်နှင့် ပတ်သက်၍ “အချိန်ကသာ စကားပြောသွားလိမ့်မည်” ဟု ထရမ့်က ပြောသည်။
သုံးလ၊ ခြောက်လ သို့မဟုတ် တစ်နှစ်ထက် ပိုကြာနိုင်သလားဟု မေးမြန်းရာတွင် ထရမ့်က “ဒီထက် အများကြီး ပိုကြာနိုင်တယ်” ဟု ဖြေကြားခဲ့သည်။
လက်ရှိဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရော့ဒရီဂွက်ဇ်၏ အစိုးရနှင့် အမေရိကန်အစိုးရတို့အကြား ဆက်ဆံရေးမှာလည်း အဆင်ပြေကြောင်း ထရမ့်က ဖြည့်စွက်ပြောဆိုသည်။
Source: Reuters







