ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့သို့ သွားသည့်လမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာရှင်တပ်က အဆိုပါလမ်းပိုင်းရှိ သဲဖြူရွာကို ငါးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဒီဇင်ဘာလ ၂ရက်မှ ၆ရက်အထိ သဲဖြူရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ဒီဇင်ဘာလ ၅ရက်တွင် Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ကျန်ရက်များတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သဲဖြူရွာကို ကြဲတယ်ပဲ သိရတယ်။ ထိခိုက်မှု မသိရဘူး။ တိုက်ပွဲတအားကြမ်းနေလို့ လေကြောင်းလာတယ်လို့ ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။
မောတောင်လမ်းတွင် တိုက်ပွဲဖြစ်ပွားသည့် နေရာများကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့်လည်း နေ့တိုင်း ဗုံးကြဲနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“လေကြောင်းလို့ပြောရင် လေယာဥ်ပဲ မဟုတ်ဘူး။ ဒရုန်းရောပါတယ်။ ဒရုန်းကတော့ နေ့ရော၊ ညရော ဝဲတယ်၊ ကြဲတယ်။ လေယာဥ်နဲ့ လာကြဲတာက ထိခိုက်မှု မရှိဘူး။ တိုက်ပွဲကတော့ ကြမ်းနေဆဲပါ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူပြီးနောက် မောတောင်လမ်းရှိ သဲဖြူရွာဝန်းကျင်တွင် နိုဝင်ဘာလ ၁၅ရက်မှ ယနေ့ ဒီဇင်ဘာလ ၈ရက်အထိ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။







