ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီရန်

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရလည်း နိုင်ငံရေးလောကမှ အနားယူမည် မဟုတ်ကြောင်း နေတန်ညာဟု ပြော

December 8, 2025

ဓာတ်ပုံ - REUTERS

သမ္မတထံမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့လျှင်လည်း နိုင်ငံရေးနယ်ပယ်မှ အနားယူမည် မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဒီဇင်ဘာလ ၇ ရက်နေ့က ပြောကြားလိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့် ရရှိပါက နိုင်ငံရေးနယ်ပယ်မှ အနားယူရန် အစီအစဉ်ရှိ/မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီးချုပ်နေတန်ညာဟုက ယင်းသို့ ဖြေကြားလိုက်ခြင်း ဖြစ်သည်။

နေတန်ညာဟုသည် အဂတိလိုက်စားမှုအပြင် ၎င်းအပေါ် စွဲချက်တင်ထားသည့် အမှုများမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အစ္စရေးသမ္မတအိုင်ဇက်ဟာဇော့ခ်ထံ ပြီးခဲ့သည့်လက တောင်းဆိုခဲ့သည်။

တရားရုံးသို့ မကြာခဏ သွားရောက်နေရခြင်းက နေတန်ညာဟု၏ အုပ်ချုပ်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေကြောင်း ၊ ၎င်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းက နိုင်ငံအတွက် ကောင်းကျိုးရှိမည် ဖြစ်ကြောင်း နေတန်ညာဟု၏ ရှေ့နေများက ဆိုသည်။

အစ္စရေးနိုင်ငံ၌ ပုံမှန်အားဖြင့် တရားဥပဒေလုပ်ငန်းစဉ်များ ပြီးဆုံး၍ စွပ်စွဲခံရသူ၌ ပြစ်မှုထင်ရှားကြောင်း စီရင်ခံရပြီးမှသာ လွတ်ငြိမ်းချမ်းသာခွင့်များကို ပေးလေ့ရှိသည်။

တရားစီရင်နေဆဲ ကာလတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် ဖြစ်စဉ်မျိုး ယခင်က မရှိခဲ့ပေ။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုသည် လာဘ်ပေးလာဘ်ယူမှု ၊ လိမ်လည်မှု ၊ ယုံကြည်မှုဖောက်ဖျက်မှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခံထားရပြီး အပြစ်မရှိကြောင်း ၎င်းက ငြင်းဆိုထားသည်။

ဥပဒေကြောင်းအရ စစ်ဆေးမှုများ ပြီးဆုံးပါက အပြစ်မှ လုံးဝလွတ်မြောက်လိမ့်မည်ဟု ဝန်ကြီးချုပ်က ယုံကြည်ဆဲဖြစ်ကြောင်း ၎င်း၏ ရှေ့နေများက ဆိုသည်။

နေတန်ညာဟုက လွတ်ငြိမ်းချမ်းသာခွင့်ရရေး မတောင်းဆိုခင်ကပင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အစ္စရေးသမ္မတ အိုင်ဇက်ဟာဇော့ခ်ထံ စာရေးသားခဲ့ပြီး နေတန်ညာဟုအား လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ရန် စဉ်းစားသင့်ကြောင်း တိုက်တွန်းခဲ့သည်။

နေတန်ညာဟုအနေဖြင့် ၎င်း၏ ပြစ်မှုများကို ဝန်ခံပြီး နိုင်ငံရေးလောကမှ အနားယူမည်ဟု ကတိပြုမှသာ ၎င်းအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း အစ္စရေးအတိုက်အခံ နိုင်ငံရေးသမားအချို့က ဆိုသည်။

Source: Reuters