စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်းတစ်နှင့် အပိုင်းနှစ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု နှစ်ရာကျော်ပါဝင်သည့်အနက် ရှစ်ဆယ်ကျော်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်းတစ်တွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့ပါဝင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း ၁၃၆ ခုရှိသည်။
ယင်းရပ်ကွက်/ကျေးရွာအုပ်စု ၁၃၆ ခုအနက် ၃၇ အုပ်စုတွင်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဇန်နဝါရီလ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်းနှစ်တွင်မူ ရေဖြူ၊ တနင်္သာရီ၊ ကျွန်းစုမြို့နယ်တို့ပါဝင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း ၉၂ အုပ်စုပါဝင်သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာ ၉၂ အုပ်စုအနက် ၄၆ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲ အပိုင်းနှစ်ပိုင်းပေါင်းလိုက်ပါက ရပ်ကွက်/ကျေးရွာအုပ်စု ၂၂၈ အုပ်စုရှိသည့်အနက် ၈၃ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
ရာခိုင်နှုန်းအားဖြင့် ကျေးရွာ ၆၂ ရာခိုင်နှုန်းတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး မကျင်းပနိုင်သည့်အုပ်စု ၃၈ ရာခိုင်နှုန်းရှိမည်ဖြစ်သည်။
ယခုရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာထားသည့်နေရာများတွင် ပဋိပက္ခများကြောင့် ဒေသခံများ နှစ်ချီကြာ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများပါဝင်သလို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် နေရာများလည်းပါဝင်သည်။
တနင်္သာရီတိုင်းတွင် မြို့နယ်ဆယ်မြို့နယ်ရှိသည့်အနက် ပုလော၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့ကိုမူ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း ရှိ/ မရှိ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခြင်းမရှိသေးပေ။
တော်လှန်ရေးအင်အားစုများကမူ စစ်ကော်မရှင်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်ကော်မရှင်ကကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်သူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေပြဌာန်းပြီး ဖိအားပေးမဲထည့်ခိုင်းသူများကို တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခများကို ပြေလည်စေမည်မဟုတ်သလို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြနေကြသည်။







