ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

“ချန်ပီယံအစစ် မဟုတ်ဘူး”လို့ ပြောနေတဲ့သူတွေကို ဂျိုရှူအာဗန်က ဘယ်လိုတုံ့ပြန်လိုက်သလဲ

December 8, 2025

UFC ဖလိုင်းဝိတ်တန်းမှာ စံချိန်မှတ်တမ်းသစ်တွေနဲ့ ချန်ပီယံဖြစ်လာခဲ့တဲ့ ချင်းဖိုက်တာလေး ဂျိုရှူအာဗန်ကို ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတစ်ခုချင်းစီအလိုက်က မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျိုရှူအာဗန်က တစ်လလောက် အနားယူဖို့ ဆုံးဖြတ်ထားပြီး ပန်တိုဂျာနဲ့ သူ့အကြားမှာ စိတ်မကျေပွဲဖြစ်လာဖို့က ကျိန်းသေနေပါတယ်ဆိုတာကိုလည်း အတည်ပြုသွားခဲ့ပါတယ်။ ဒီအင်တာဗျူးတွေကို ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

မေး ။ သံဇကာထဲမှာ မင်းကိုပေးလိုက်တဲ့ ခါးပတ်အကြီးကို သတင်းစာရှင်းလင်းပွဲဆီ ယူမလာဘဲ ခါးပတ်အသေးနဲ့ ဘာလို့ ရောက်လာတလဲဗျာ။ အကြောင်းတစ်ခုခု ရှိလို့များလား။

ဖြေ ။ (ခါးပတ်အကြီးက) အရမ်းလေးလွန်းလို့ပါဗျာ (ရယ်လျက်)။

မေး ။ မင်းရဲ့အခုခံစားချက်ကို ပြောပြပေးပါလား။ စိတ်နဲ့ ကိုယ်နဲ့ကပ်မှာ မဟုတ်သေးဘူး ထင်တယ်။ ဒီပွဲကစားဖို့ သေချာပြင်ဆင်ထားပြီးမှ အပြည့်မကစားလိုက်ရဘူးလေ။ ဒါပေမဲ့ လိုချင်တဲ့ဆုကို ရလိုက်တယ် မဟုတ်လား။ အဲ့ဒီတော့ လက်ရှိမှာ မင်းရဲ့ခံစားချက် ဘယ်လိုဖြစ်နေသလဲဆိုတာကို သိချင်မိတယ်။

ဖြေ ။ သူ မလဲခဲ့ရင် ကိုယ်အလဲပဲ ကစားမယ်လို့ ဒီတစ်ပတ်လုံး ကျွန်တော် ပြောထားခဲ့ပါတယ်။ ဒီပွဲ နိုင်မယ်ဆိုတာကို စိတ်ထဲက သိထားပေမယ့် အခုလို ပွဲသိမ်းသွားတာမျိုးတော့ မဖြစ်ချင်ပါဘူး။ သူ ပြန်သက်သာလာတာနဲ့ နောက်တစ်ပွဲ ပြန်ကစားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို အရမ်းလေးစားလွန်းလို့ပါပဲ။ သူက ထာဝရအကောင်းဆုံးဖိုက်တာတွေထဲက တစ်ယောက်ပါ။ အဲ့ဒါကြောင့် သူနဲ့ နောက်တစ်ပွဲ ပြန်ကစားချင်ပါတယ်။

မေး ။ သူနဲ့ ဆိုင်ထိုးပြိုင်ထိုးဖို့ အချိန်မရလိုက်ဘူးနော်။ သူက တရကြမ်းကြီးကို ထိုးချသွားခဲ့တယ်ဆိုတော့လေ…။ ပွဲစကတည်းက ထိုးကွက်တွေ ထုတ်သုံးပြီး သူကစားတာကို မြင်လိုက်ရတော့ ဘယ်လိုတွေ ဖြစ်သွားခဲ့လဲ။ မင်းထင်ထားတာနဲ့ လက်တွေ့က ဘယ်လိုတွေ ကွာဟချက်ဖြစ်သွားခဲ့သလဲ။

ဖြေ ။ အားလုံးက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူက အတင်းအကြမ်း ဝင်ထိုးပြီး ကစားတယ်။ ကျွန်တော် ပြောဖူးပါတယ်။ ကျွန်တော် ပြောဖူးပါတယ်။ ဘာမှ မဟုတ်ဘဲနဲ့တော့ သူဟာ ချန်ပီယံဖြစ်လာမှာ မဟုတ်ဘူးလို့လေ။

မေး ။ သူ့ဒဏ်ရာ ပြန်သက်သာလာတာကို မင်း စောင့်နေဖို့ စိတ်ကူးရှိသလား။ တခြားပြိုင်ဘက်နဲ့ မကစားခင်မှာ သူနဲ့ပဲ စိတ်မကျေပွဲ အရင်ဆုံးနွှဲချင်သလားပေါ့နော်။ အဲ့ဒီအချက်က အရေးပါသလား။ နောက်လည်း သူနဲ့ ထပ်ဆုံရမှာပဲဆိုတဲ့အချက်က နောက်ထပ်ပြိုင်ဘက် ရွေးတဲ့နေရာမှာ အရေးပါလာမလား။

ဖြေ ။ အဲ့ဒီအချက်က အရေးမပါပေမယ့် သူက စိတ်မကျေပွဲထိုးခွင့်ရဖို့ အရမ်းပဲ ထိုက်တန်တဲ့သူပါ။ UFC က တည်ပေးတဲ့ ဘယ်ပြိုင်ဘက်နဲ့ဖြစ်ဖြစ် ကျွန်တော်ကတော့ နွှဲမှာပါပဲ။ သူနဲ့ နောက်တစ်ပွဲ ပြန်ကစားချင်တယ်ဆိုတာကတော့ ကျွန်တော့်စိတ်ရင်းအတိုင်း ပြောလိုက်တဲ့စကားပဲဖြစ်ပါတယ်။

မေး ။ ဒီအခြေအနေဆီကိုရောက်လာဖို့အတွက် မင်းဖြတ်သန်းခဲ့ရတဲ့ မြန်နှုန်းက ကြောက်စရာကြီးပေါ့နော်။ မင်း အနားယူဖို့ လိုအပ်သလား၊ အပန်းဖြေဖို့ လိုအပ်သလား။ ဒါမှမဟုတ် ဖေဖော်ဝါရီမှာ ပွဲထပ်ထိုးဖို့ ကျွန်တော့်ကို ပွဲထပ်တည်ပေးတော့ ဆိုတာများလား။ ပွဲတွေ အရမ်းကပ်လွန်းတဲ့နှုန်းကို ဆက်ထိန်းထားမလား။ ချန်ပီယံအနေနဲ့ ဘယ်လိုအစီအမံတွေ ရှိပါသလဲဗျာ။

ဖြေ ။ ပွဲတွေ ခပ်စိပ်စိပ် ကစားရတဲ့ ချန်ပီယံဆိုတာမျိုး ဖြစ်ချင်မိတာတော့ အမှန်ပဲဗျာ။ ဒါပေမဲ့ ဒီလတော့ အနားယူဦးမယ်။ (တစ်လ နားမယ်ပေါ့….သတင်းထောက်က ဖြတ်လျက် ဝင်ထောက်ပြော)။

မေး ။ နောက်ဆုံးမေးချင်တာက မင်းက ချန်ပီယံအစစ်မဟုတ်ဘူးလို့ ပြောနေကြတဲ့သူတွေကို ဘာများ ပြောချင်ပါသလဲ။ ဘာမှ ကစားလိုက်ရတဲ့ပွဲမဟုတ်ဘူးလို့ ပြောနေကြတဲ့သူတွေကိုပေါ့လေ။ အဲ့ဒီလူတွေကို ဘာများ ပြောချင်ပါသလဲဗျ။

ဖြေ ။ လဲသာ ‌ေ၊သလိုက်ကြပေါ့ဗျာ။ စွမ်းဆောင်ရည်ကောင်းလည်း သူတို့ တလွဲပြောမှာပဲ။ စွမ်းဆောင်ရည်ဆိုးလည်း တလွဲတွေ ပြောကြတာပဲ။ အဲ့တော့ ကိုယ် စိတ်ပျော်တဲ့အတိုင်းပဲ နေမယ်ဗျာ။ သူတို့အထင်အမြင်တွေက အရေးမကြီးပါဘူး။ ကျွန်တော် နိုင်ခဲ့တာပဲဗျာ။