BREAKING
December 10, 2025

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပစ်ခတ်မှု ပြန်ဖြစ်၊ ထိုင်းစစ်သား ၁ ဦး သေဆုံး

December 8, 2025

ပုံစာ - ယနေ့နံနက်ပစ်ခတ်မှုများကြောင့် ဥဘွန်းရတ်ချ်ဌာနီခရိုင်ရှိ ပြည်သူများ ဘန်ကာထဲ ရှောင်နေစဉ်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများအပါအဝင် နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုများ ပြန်ဖြစ်လာနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။

ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းမှစ၍ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ငါးနေရာထက်မနည်း ထိတွေ့ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်။

နံနက် ၅ နာရီခန့်တွင် ကမ္ဘောဒီးယား စစ်တပ်ဘက်က လက်နက်ကြီး အမြောက်များ၊ လောင်ချာများဖြင့် ဥဘွန်းရတ်ချ်ဌာနီခရိုင်ရှိ ထိုင်းစစ်တပ်အခြေစိုက်စခန်းသို့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုကြောင့် ထိုင်းစစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုင်းစစ်တပ်ဘက်က F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယားဘက်ခြမ်းသို့ တိုက်ခိုက်နေပြီး ကမ္ဘောဒီးယား စစ်တပ်ဘက်ကလည်း BM-21 ရော့ကတ်ဒုံးကျည်များဖြင့် ထိုင်းနိုင်ငံဘက် ဘူရီရမ်ဒေသထဲသို့ ပြန်လည်ပစ်ခတ်နေသည်။

ဒုံးကျည်ပစ်ခတ်မှုများကြောင့် လက်ရှိအချိန်တွင် ပြည်သူများ သေဆုံး၊ ထိခိုက်မှုများ မရှိသေးကြောင်း သတင်းများအရသိရသည်။

ပစ်ခတ်မှုများကြောင့် စကဲဝိုခရိုင်အပါအဝင် ခရိုင် ငါးခုက ပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေပြီဖြစ်သည်။

လက်ရှိအချိန်တွင် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မတည်မငြိမ်ထပ်ဖြစ်နေပြီး ထိုင်းစစ်တပ်ဘက်က အချုပ်အခြာအာဏာကို ထိန်းသိမ်းသွားမည်ဟု ပြောဆိုထားသည်။

ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူကလည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်သို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော်အဆင့် အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့သည်။

Ref: Khaosod English, Thai Enquirer