စစ်အာဏာသိမ်းပြီးချိန်မှစပြီး မြန်မာပြည်အထက်ပိုင်း ဒေသများနည်းတူ တနင်္သာရီတိုင်းရှိ ဒေသအချို့တွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ အထူးသဖြင့် တော်လှန်ရေးအားကောင်းပြီး တိုက်ပွဲပြင်းထန်နေသည့် ဒေသများတွင်ဖြစ်သည်။
ယင်းဒေသများရှိ ပြည်သူများမှာ သတင်းအချက်အလက် ရရန်ခက်ခဲနေပြီး ကောလာဟလ သတင်းများသာ လွှမ်းမိုးနေသဖြင့် လူထုမှာ မည်သည်ကိုယုံကြည်ရမည်မသိ ဖြစ်နေကြသည်။
ယင်းအပြင် ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများ၊ တိုက်ပွဲနှင့်ပဋိပက္ခများ၊ စစ်ဘေးရှောင် အခြေအနေများကို မသိရှိကြဘဲ မိမိဒေသမှအခြေအနေလောက်သာ သိရှိကြသဖြင့် ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ကြုံတွေ့နေကြရသည်။
တနင်္သာရီတိုင်းတွင် ထားဝယ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များရှိ ကျေးရွာအများအပြားကို စစ်ကော်မရှင်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ကာလရှည်ဖြတ်တောက်ထားသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးအားကောင်းသည့် ဒေသများထဲမှ ကျေးရွာပေါင်း ၄၀ ကျော်မှာ နှစ်ချီကြာအောင် အင်တာနက်ဖြတ်တောက်ခံထားရသည်။
အာဏာရှင်များမှာ ၎င်းတို့ဝါဒဖြန့်ချိမှုများအတွင်း လူထုကို ပိတ်မိနေစေရန်အတွက် လူထုသတင်းအမှန် မသိစေရန် ပိတ်ဆို့ထားခြင်းဖြစ်သည်။ သို့သော် ပြည်သူလူထု သတင်းအချက်အလက် ရရှိရေး ပုံစံမျိုးစုံဖြင့် ကြိုးစားနေသူများလည်းရှိသည်။
သတင်းအချက်အလက် ပိတ်ဆို့ခံထားရသောဒေသများရှိ ပြည်သူများ သတင်းအချက်အလက် ရရှိစေရန် ပုံစံမျိုးစုံဖြင့် ကူညီပေးနေသူများမှာလည်း လွယ်ကူလှသည်မဟုတ် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရသည်။
ဒေသအချို့မှာ အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ခံထားရသဖြင့် သတင်းအချက်အလက် မရသည်မျိုးဖြစ်သော်လည်း မြို့ပေါ်ဒေသများတွင်မူ စစ်အာဏာရှင်တပ်၏ ဖိနှိပ်မှုကြောင့် ဖမ်းဆီးခံရမည်စိုးပြီး သတင်းမကြည့်ရဲသူများလည်းရှိသည်။
ယင်းကြောင့် သတင်းအချက်အလက် ပိတ်ဆို့ခံထားရသူများ ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပိတ်ဆို့ခံဒေသမှ ပြည်သူများ သတင်းအချက်အလက်ရရှိရေး လုပ်ဆောင်နေသူများ၏ အမြင်များကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။
“သတင်းအမှောင်ချခံရတာနဲ့အတူ သတင်းအမှားတွေကို ယုံကြည်မှု အင်မတန်အားကောင်းလာတယ်”
တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ကို တနင်္သာရီဂျာနယ်ဖြန့်နေသူတစ်ဦး
DW ။ တနင်္သာရီမြို့နယ်ထဲမှာဆိုရင် အင်တာနက်၊ဖုန်းလိုင်းဖြတ်တောက်ခံထားရတဲ့ ကျေးရွာဆိုရင် ပျမ်းမျှဘယ်လောက်အထိရှိနေလဲ။ ဘယ်အချိန်ကတည်းက ဖြတ်တောက်ခံထားရလဲ။
ဖြေ ။ တနင်္သာရီမြို့နယ်ထဲမှာဆိုရင် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ကျေးရွာ ၄၀ ကျော် လောက်ရှိတယ်။ ဖြတ်တောက်ခံရတဲ့အချိန်ကကျတော့ စစ်အာဏာသိမ်းပြီးကတည်းက အခုချိန်အထိ ဖြတ်တောက်ခံထားရတယ်။
DW ။ အဲဒီဒေသကို ဂျာနယ်ဖြန့်နေတယ်လို့သိရတယ်။ ဘာကြောင့် ဒီလိုဖြန့်ဝေဖြစ်တာလဲ။
ဖြေ ။ ကျွန်တော်တို့ ဂျာနယ်ဖြန့်ဖြစ်တဲ့အခြေအနေက လိုင်းတွေကလည်းမရတဲ့အချိန် သတင်းအမှားတွေကလည်း ပျံ့နှံ့နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ သေချာတဲ့မီဒီယာတစ်ခုကနေ သတင်းအချက်အလက် မှန်မှန်ကန်ကန်ရအောင် ဆိုပြီး ဂျာနယ်တွေကို ဖြန့်ဝေခြင်းဖြစ်တယ်။
DW ။ ဒီလိုဖြန့်ဝေရာမှာ အဓိကကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ။
ဖြေ ။ ကျွန်တော်တို့ ဂျာနယ်ဖြန့်တဲ့အခါ အဓိကစိန်ခေါ်မှုတွေက ကျွန်တော်တို့ နယ်မြေအနေထားအရ ဂျာနယ်တွေကို သိရှိတဲ့ အနေထားတွေမရှိဘူး။ ပြီးရင် သတင်းအမှားတွေကို ယုံကြည်နေကြတဲ့ အခြေအနေတွေက စိန်ခေါ်မှုတွေလို့ ပြောရတယ်။
DW ။ ဒီအခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားနေလဲ။
ဖြေ ။ စိန်ခေါ်မှုတွေကျတော့ ကျွန်တော်တို့တွေ သတင်းအမှန်တွေ သိရှိရအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပြီးရင် ကျွန်တော်တို့တွေ သတင်းအမှောင်ချမှုတွေက လွတ်ကင်းပါစေဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့တွေ ဒီလိုစိတ်တွေနဲ့ ကျော်ဖြတ်နေကြပါတယ်။
DW ။ ဒေသခံပြည်သူတွေ သတင်းအချက်အလက် ရေရှည်မရဘူးဆိုရင် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။
ဖြေ ။ သတင်းအချက်လက် ရေရှည်မရဘူးဆိုရင် ကျွန်တော်တို့တွေက သတင်းအမှားကိုပဲ ယုံကြည်ပြီး နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊တော်လှန်ရေး အားလုံးသည် အလွဲလွဲအမှားမှားနဲ့ဆက်ပြီး ကြုံတွေ့နေရတာမျိုးတွေ ရှိနေပါတယ်။
DW ။ ဒေသခံတွေ သတင်းအချက်အလက်မသိရခင်နဲ့ သိရပြီးအခြေအနေမှာ ဘာတွေပြောင်းလဲသွားတယ်လို့ ခံစားမိလဲ။
ဖြေ ။ ဒေသခံတွေ အနေအထားကျတော့ သတင်းအမှောင်ချခံရတာနဲ့အတူ သတင်းအမှားတွေကို ယုံကြည်မှု အင်မတန်အားကောင်းလာတယ်။အခုလိုမျိုး ဂျာနယ်တွေကနေပြီးတော့ သတင်းဌာန မီဒီယာတွေကနေ သတင်းအမှန်တွေကို ပေးနေတာဖြစ်တဲ့အတွက် သူတို့တွေအတွက် သတင်းအချက်အလက် မှန်ကန်မှုကို ဦးစားပေးပြီးကြည့်တတ် လာတယ်လို့ ခံစားမိတယ်။
DW ။ အခြားဘာများဖြည့်စွက်ပြောချင်လဲ။
ဖြေ ။ ဖြည့်စွက်ပြီးပြောချင်တာက ကျွန်တော်တို့ လူတိုင်းလူတိုင်းက မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ရရှိဖို့အတွက် ထိုက်တန်တဲ့လူတွေဖြစ်ပါတယ်။ ကျွန်တော်တို့တွေအနေနဲ့လည်းပဲ လူထုကို မှန်ကန်တဲ့ သတင်းအချက်လက်တွေကို ပေးနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားပါမယ်။
“လုံလောက်တဲ့ သတင်းအချက်အလက်တွေ မရရှိနိုင်တဲ့အခြေအနေမှာ အန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေကို အများကြီးကြုံတွေ့ရတယ်”
ကိုဝဏ္ဏ (တာဝန်ခံ -ဂိမှာန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ – တနင်္သာရီ )
DW ။ သတင်းအချက်အလက်ကို ဘယ်ကနေရယူနေပါသလဲ။ ရရှိတဲ့သတင်းအချက်အလက်က လုံလောက်လား။ ယုံကြည်လို့ရလား။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ အခြေအနေလေးပါ ပြောပြပေးပါ။
ဖြေ ။ လက်ရှိအချိန်မှာတော့ သတင်းအချက်အလက် တွေရယူတဲ့ပုံစံကတော့ တော်လှန်ရေးအင်အားစုတွေအချင်းချင်း သတင်းမျှဝေတဲ့ပုံစံရှိတယ်။ ပြီးတော့ရွာသားတွေဆီကရတဲ့ သတင်းအချက်အလက်ဆိုပြီး ဒီလိုပုံစံမျိုးရှိပါတယ်။ ရရှိတဲ့သတင်းအချက်အလက်က လုံလောက်လားဆိုတော့ လိုအပ်ချက်တွေက အများကြီးရှိတယ်။ ဥပမာ – စစ်ကြောင်း ထိုးတော့မယ်ဆိုရင် ကျွန်တော်တို့အတွက် တကယ်လိုအပ်တဲ့ သတင်းအချက်အလက် အကုန်လုံးကိုတော့ ရတဲ့အတိုင်းအတာတော့မရှိဘူး။ ခန့်မှန်းပုံစံပဲရှိတာပေါ့နော်။ ဘယ်နေရာမှာတော့ ဘယ်လိုရှိနေပြီ ဘယ်လောက်အင်အားတော့ ရှိလိမ့်မယ်။ ခန့်မှန်းပုံစံအနေနဲ့သိရတယ်။ ပြည်သူတွေအနေနဲ့ ရှောင်တိမ်းတဲ့အခါမှာတော့ တိတိကျကျပုံစံအနေနဲ့ အားနည်းတာပေါ့။
DW ။ လက်ရှိသတင်းအချက်အလက်က ဘယ်ကနေစီးဆင်းနေလဲ (လက်နက်ကိုင် တပ်ဖွဲ့ ၊ နယ်မြေခံ အဖွဲ့အစည်း ၊ သတင်းစာ ၊ အွန်လိုင်း စသဖြင့် )
ဖြေ ။ လက်ရှိမှာ သတင်းအချက်အလက်စီးဆင်းတဲ့ပုံစံကတော့ တော်လှန်ရေး အစုအဖွဲ့တွေကနေ စီးဆင်းတာရှိတယ်။ လက်နက်ကိုင်အင်အားစုတွေရှိမယ်၊ အခြားအရပ်ဘက်အဖွဲ့အစည်းတွေပေါ့။ ပြီးတော့ သတင်းစာ၊ အွန်လိုင်းတို့ကနေရရှိတဲ့သတင်းအချက်အလက်တွေလည်းရှိတယ်။ ဒါပေမဲ့ သတင်းစာတို့၊ အွန်လိုင်းတို့ကနေရတဲ့ သတင်းအချက်အလက် တွေက အင်တာနက်အကန့်အသတ်ရှိတဲ့ နေရာတွေမှာဆိုရင် အတော်လေးအခက်အခဲဖြစ်တယ်။ ဒါကြောင့်မို့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေဆီက ရတဲ့သတင်းအချက်အလက်က ပိုများပါတယ်။
DW ။ သတင်းအချက်အလက် ရရှိမှုက လျော့နည်းနေတယ်လို့ ယူဆမိရင် သတင်းအချက်အလက် ရဖို့အတွက် ဘယ်လိုကြိုးစားလဲ။ ဘာအခက်အခဲတွေ ရှိလဲ။
ဖြေ ။ သတင်းအချက်အလက် ရရှိမှုကတော့ လုံလောက်တဲ့ သတင်းအချက်အလက် ရရှိမှုပုံစံမျိုးကတော့ မရှိသလောက်ပါပဲ။ ဒါကြောင့်မို့ သတင်းအချက်အလက် အမြဲရနေဖို့ဆိုရင် တော်လှန်ရေးအင်အားစုတွေကြားမှာရော၊ ပြည်သူတွေရဲ့ကြားမှာရောအချိတ်အဆက်ကို ချိတ်မိအောင် တစ်ခါထက် တစ်ခါ ပိုပြီးချိတ်မိအောင် ညှိနှိုင်းဆောင်ရွက် တဲ့ပုံစံလိုသွားတာတွေရှိတယ်ပေါ့နော်။ စစ်ကြောင်း တွေလာရင် ဘယ်သူ့ကိုဘယ်လိုပုံစံနဲ့ အကြောင်းကြားရမယ်။ ရန်သူလေယာဉ်နဲ့ ပစ်တဲ့ဟာတွေ၊ ဗုံးကြဲတဲ့ဖြစ်စဥ်တွေ၊ ဒီလို ဗုံးကြဲတဲ့ ဖြစ်စဥ်တွေ ဖြစ်လာရင် အမြန်ဆုံးသိအောင် ဘယ်လိုတွေလုပ်ကြမလဲ။ ဘယ်လိုပုံစံနဲ့ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ကြမလဲဆိုတာတွေကို ပြန်ပြီးတော့လုပ်ရတဲ့ အနေအထားတွေတော့ ရှိတာပေါ့နော် ။
DW ။ သတင်းအချက်အလက်တွေက နေ့စဥ်ဘဝမှာ ဘယ်လောက်အထိ အရေးပါနေလဲ ။
ဖြေ ။ လူတစ်ယောက်ရဲ့ နေ့စဥ်ဖြတ်သန်းမှုမှာ သတင်းအချက်အလက်က အရေးအကြီးဆုံးထဲမှာပါတယ်။ ဘာလို့လဲဆိုတော့ မတည်ငြိမ်တဲ့နေရာတွေ မတည်ငြိမ်တဲ့နယ်မြေတွေမှာ တစ်ရွာနဲ့တစ်ရွာ သွားတာဖြစ်ဖြစ် ရွာအတွင်းမှာသွားတာဖြစ်ဖြစ် လုံလောက်တဲ့ သတင်းအချက်အလက်တွေ မရရှိနိုင်တဲ့အခြေအနေမှာ အန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေကို အများကြီးကြုံတွေ့ရတယ် ။ ဒီအတွက် သတင်းအချက်အလက်တွေကို ဥပမာ စစ်ကြောင်းထိုးတော့ ပြန်နေရတဲ့ရွာတွေမှာဆိုရင် ပြန်ဝင်တော့မယ်ဆိုရင် ရွာထဲမှာ မြေမြှုပ်မိုင်း ရှိမရှိ ၊ အခြားအပိုင်းတွေမှာဆိုရင်လည်း ကုန်စျေးနှုန်းအပိုင်းပေါ့ ၊ စစ်ကြောင်းထိုးမထိုးဆိုတာကို ပိုပြီးတော့ သိထားဖို့လိုတယ် ။ မဟုတ်ရင် စစ်ကြောင်းထိုးတဲ့နေ့ဆိုရင် ကုန်စျေးနှုန်းတွေလည်း အဆမတန်တက်တဲ့ ဖြစ်စဥ်တွေ ရှိတယ် ။ ဒီအတွက် ဒီလိုအနေအထားတွေကို ကြိုသိဖို့ဆိုရင် ကြိုတင်ရိက္ခာစုဆောင်းတဲ့ဖြစ်စဥ်တွေ ၊ ပြီးတော့ ကိုယ့်နယ်မြေနဲ့ ပတ်သက်တဲ့ဟာ ၊ ကိုယ်နဲ့ရွာချင်း နီးစပ်နေတဲ့ နယ်မြေတွေရဲ့ သတင်းအချက်အလက်တွေ ဒီလိုသတင်းအချက်အလက်တွေကို နေ့စဥ်နဲ့အမျှရရှိနေဖို့က အရေးကြီးပါတယ် ။
DW ။ လက်ရှိ ဒေသရဲ့ အင်တာနက် နဲ့ ဆက်သွယ်ရေးအခြေအနေက ဘယ်လိုရှိလဲ ။ ဘာအခက်အခဲတွေ ရှိလဲ ။ သတင်းအချက်အလက် ရရှိမှုအတွက် ဘာအဟန့်အတားတွေ ဖြစ်စေလဲ ။
ဖြေ ။ လက်ရှိ ကျွန်တော်တို့ ဒေသတွင်းမှာ အင်တာနက်နဲ့ ဆက်သွယ်ရေးအခြေအနေက ဘယ်လိုရှိလဲဆိုရင် စစ်ကော်မရှင်က အားကောင်းတဲ့နယ်မြေတွေရှိတယ်။ တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့နယ်မြေရှိတာပေါ့နော် ။ ပြီးတော့ စစ်ကော်မရှင် နဲ့ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာတိုက်ပွဲတွေဖြစ်နေတဲ့နယ်မြေ တွေရှိတယ်ပေါ့နော် ။ အခုဆိုရင် တော်လှန်အင်အားစုတွေ အားကောင်းတဲ့နေရာတွေမှာရှိတဲ့ (ဆက်သွယ်ရေး) တာဝါတိုင် တွေမှာဆိုရင် စစ်တပ်က ဆီတွေဘာတွေ သယ်တာကို ကန့်သတ်ထားတာကြောင့် တာဝါတိုင်တွေလည်ပတ်ဖို့ လုံလောက်တဲ့ဆီကမရှိဘူး ။အချို့နေရာတွေမှာ အလုပ်မလုပ်တော့ဘဲ ရပ်ထားရတာတွေရှိတယ် ။ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်ကို လိုအပ်တဲ့အခါမှာ အခြားရပ်ဝေးရွာတွေအထဲ သွားပြီးတော့ (အင်တာနက်)သုံးရတဲ့ အနေအထားတွေ အများကြီးကြုံနေရတယ် ။ ပြီးတော့တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေမှာဆိုရင်လည်းပဲ လေယာဥ်နဲ့ဗုံးကြဲတဲ့ဒဏ် ၊ လက်နက်ကြီးကျတဲ့ဒဏ်တွေကြောင့် အင်တာနက် မရတဲ့အနေအထား တွေအများကြီးရှိတယ် ။ ဒီအတွက် လက်ရှိအချိန်မှာ အခက်အခဲအများကြီးရှိတယ် ။ အင်တာနက် ရတဲ့နေရာတွေမှာဆိုရင်လည်း အလားတူပဲပေါ့ ။ အင်တာနက် သုံးတဲ့ package တွေဘာတွေပေါ့နော် စျေးတွေအများကြီး စျေးတွေတက်လာတဲ့ဟာ ၊ ပြီးတော့ Vpn ခံရတဲ့ဟာ ၊ Vpn မှာဆိုရင်လည်းပဲ အခုဆိုရင် Vpn သုံးလို့မရတဲ့ ပြဿနာတွေလည်းရှိတယ်ပေါ့နော် ။ အကန့်အသတ်တွေကတော့ အများကြီးကြုံနေရတဲ့ အနေအထားရှိတယ် ။
DW ။ ထားဝယ်ခရိုင်ထဲမှာ သိထားသလောက် သတင်းအချက်အလက် ပြတ်တောက်နေတာ ဘယ်နှစ်နေရာလောက်ရှိလဲ ။ ပြီးတော့ သာမန်ပြည်သူတွေအနေနဲ့ စစ်ရေး ၊ နိုင်ငံရေး နဲ့ စစ်ဘေးရှောင်တွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက် တွေကို ရနေတယ်လို့ထင်လား ။
ဖြေ ။ ထားဝယ်ခရိုင်ထဲမှာ သတင်းအချက်အလက် ပြတ်တောက်နေတယ် ဆိုတာထက် သတင်းအချက်အလက်ကို အချိန်မီမရနိုင်တဲ့နေရာတွေက ထားဝယ်မြို့နယ်မှာဆိုရင် ထားဝယ်အရှေ့တောရှိမယ် ။ သတင်းအချက်အလက် လုံလုံလောက်လောက်မရတဲ့နေရာက တော်တော်များတယ် ။ သရက်ချောင်းမှာဆိုရင် တောင်ပျောက်တိုက်နယ်ရှိမယ် ။ ကျန်တဲ့မြို့နယ်တွေမှာတော့ အင်တာနက် ရတဲ့ နေရာကများတယ်လို့ပြောရမယ် ။ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နာ်အတွင်းမှာတော့ စစ်ရေးနဲ့ ပတ်သက်တာကိုပိုပြီးခံစားရတယ် ။ အလားတူပဲ စစ်ရေးနဲ့ပတ်သက်ပြီး ကြုံရတာတွေလည်း ပိုများတဲ့အနေအထား ဖြစ်နေတာပေါ့နော်။ ပြီးတော့ စစ်ကော်မရှင်နဲ့ တော်လှန်ရေး အင်အားစုတွေကြားထဲမှာရှိနေတဲ့ နိုင်ငံရေး အရ အကန့်အသတ်တွေ ၊ စစ်ရေးအရအကန့်အသတ်တွေ ၊ လမ်းပန်းဆက်သွယ်ရေးအရ အကန့်အသတ်တွေ ၊ သတင်းအချက်အလက်အကန့်အသတ်တွေ ပေါ့နော်၊ ဒီလို အကန့်အသတ်တွေ ကြားထဲက ကြိုးစားဆောင်ရွက်နေရတဲ့အတွက် သာမန်ပြည်သူတစ်ယောက်အနေနဲ့ဆိုရင် စစ်ရေးတို့ ၊ နိုင်ငံရေး တို့ ၊ စစ်ဘေးရှောင်အရေးတို့ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ရရှိဖို့ကတော့ ခက်ခဲတဲ့အနေအထားမှာရှိမယ် ။ဒါပေမဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတင်းအချက်အလက်တွေကို အမှန်ကန်ဆုံးဖြစ်အောင် ၊ အကောင်းဆုံးဖြစ်အောင် ပေးနိုင်ဖို့ကတော့ အမြဲတမ်းကြိုးစားနေတယ်လို့ ယူဆပါတယ်။
DW ။ ကိုယ့်ဒေသမှာဖြစ်တဲ့ ဖိနှိပ်ခံရမှု ၊ မတရားခံမှုတွေအတွက်ရော ကိုယ့်ဒေသအသံ ကို အများပြည်သူသိရှိအောင် အသံထွက်ခွင့် ပြောဆိုခွင့်ရနေကြရဲ့လား ။
ဖြေ ။ ဒေသထဲမှာရှိနေတဲ့ ဖိနှိပ်ခံရမှုတွေ ၊ မတရားခံရမှုတွေအတွက် ပြောဆိုနိုင်တဲ့အခြေအနေတွေ ကျွန်တော်တို့မှာ အများကြီးရှိတယ် ။ အခုဆိုရင် မီဒီယာတွေရှိတယ် ။ တော်လှန်ရေး အစုအဖွဲ့တွေ အတော်များများရှိတယ်ပေါ့နော် ။တော်လှန်ရေးအင်အားစုအကြားထဲမှာ ပိုပြီးကောင်းတာက ဘာလဲဆိုတော့ မတူညီတဲ့အစုအဖွဲ့တွေကများတယ် ။ ဒီအတွက်ကြောင့် အချင်းချင်း ကြားထဲမှာ အပြန်အလှန်ထိန်းကျောင်းမှု အားကောင်းတယ်လို့ ယူဆရမှာပေါ့နော် ။ ဒီတော့အဖွဲ့အစည်းတစ်ခုကနေ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေပဲ ဖြစ်ဖြစ် ၊ မှားယွင်းတဲ့ ပြည်သူ့ဆက်ဆံရေး နည်းကို သုံးတဲ့အချိန်မှာကျန်တဲ့ အစုအဖွဲ့တွေ ကနေ အပြန်အလှန်ထိန်းကျောင်းတဲ့ လုပ်ငန်းစဥ်တွေ အများကြီးရှိတယ် ။ဒီအတွက် ပြည်သူတွေရဲ့အသံထွက်ပြောဆိုခွင့်က အားကောင်းတဲ့အနေအထားမှာ ရှိတယ်လို့မှတ်ယူပါတယ် ။
DW ။ အခု သတင်းအချက်အလက်တွေ ရရှိအောင် စာစဥ်ဖြန့်တာမျိုးလည်း တွေ့ရတယ်ပေါ့နော် ။ အခြားကော ဘာတွေလုပ်ပေးဖြစ်လဲ ။ အခက်အခဲတွေက ဘာတွေရှိလဲ ။ ဘယ်လို ဖြေရှင်းနေရလဲ ။
ဖြေ ။ သတင်းအချက်အလက်ရရှိအောင် စာစဥ်ဖြန့်တဲ့အပြင် စာကြည့်တိုက်လုပ်ငန်းစဥ်လည်း ရှိတယ်ပေါ့နော် ။ နည်းပညာခေတ်ကိုရောက်နေတဲ့အချိန်မှာ သတင်းအချက်အလက်တွေက လိုအပ်တာထက်ပိုပြီး ရနေတဲ့ဟာတွေရှိတယ် ။ ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့က ပိုပြီးတော့ အရေးကြီးတယ် လို့ မှတ်ယူတယ်ပေါ့နော် ၊ ဒီအတွက် ကိုယ့်မှာရှိနေတဲ့ သတင်းအချက်အလက်ကိုပဲ ဘယ်လိုသုံးစွဲမလဲ ၊ ဘယ်လိုစီမံမလဲလို့ ပိုပြီးသိရှိဖို့ အရေးကြီးတဲ့ဟာဖြစ်တာကြောင့် ၊ ဒီဟာတွေကို စီမံခန့်ခွဲနိုင်ဖို့ စာအုပ်စာပေ ဖတ်ရှူတဲ့အလေ့အကျင့် အတော်လေးကိုမှ လိုအပ်တဲ့ဟာဖြစ်တယ် ။ ဒီအတွက်ကြောင့် ကျွန်တော်တို့ စာကြည့်တိုက်လုပ်ငန်းစဥ်တွေကို ဒီဘက်ကရွာတွေမှာ လုပ်ဖြစ်တယ် ။ ရပ်ရွာအလိုက်စာအုပ်ငှားတဲ့ဟာရှိတယ် ။ တော်လှန်ရေး အစုအဖွဲ့တွေ ကို စာအုပ်ပုံးတွေကို ငှားတဲ့ အစီအစဥ်တွေကိုလုပ်ဖြစ်ပါတယ် ။အခက်အခဲကတော့ နယ်မြေလုံခြုံရေးအနေအထားတွေ လမ်းပန်းဆက်သွယ်ရေး အခက်အခဲအနေအထားတွေ ၊ ပြီးတော့ တော်တော်လေးကိုမှ ကြီးလေးတဲ့ ကုန်စျေးနှုန်းတွေ ၊ ဒီလိုကုန်စျေးနှုန်းအနေအထားမှာကတော့ ကျွန်တော်တို့ ဒီလိုပဲကြိုးစားပြီး ဆောင်ရွက်နေတဲ့ အနေအထားတွေဖြစ်တယ်ပေါ့နော် ။ ဒီအခက်အခဲတွေကို ကျွန်တော်တို့ အနေနဲ့က ပြည်သူလူထုအလှူငွေတစ်ခုတည်းနဲ့ ရပ်တည်နေတာဖြစ်တဲ့အတွက်ကြောင့် ကမ်ပိန်း (ရံပုံငွေရှာဖွေရေး) တွေလုပ်ဖို့ကြိုးစားတာရှိတယ် ။ ဒီလိုပုံစံနဲ့ပဲ အခုအချိန်မှာလည်ပတ်နေတဲ့ အနေအထားမှာရှိတယ် ။ ကျွန်တော်တို့ စာစဥ်ဖြန့်ဝေတဲ့ နယ်မြေသည် အခြေခံ စာတတ်မြောက်မှုအားဖြင့် အားနည်းတဲ့ နေရာတွေလို့ပြောရမှာပေါ့နော် ။ဒီအတွက် စာစဥ်ကို လက်ထဲရောက်အောင် ပေးရုံလောက်မဟုတ်ဘဲနဲ့ စာစဥ်ထဲမှာပါတဲ့အကြောင်းအရာတွေကို ကျွန်တော်တို့ ပြောဆိုဆွေးနွေးရတဲ့အပိုင်းတွေလည်း အများကြီးရှိတယ် ။ပြီးတော့ ပြည်သူလူထုက သတင်းအချက်အလက်ရရှိဖို့ ကြိုးပမ်းနေကြတာ အများကြီးတွေ့ရတယ် ။ သတင်းမီဒီယာတွေ ၊ အသံကလာတဲ့ဟာ(ရေဒီယို) တွေကို နားထောင်တာတွေကို အများကြီးတွေ့ရတယ် ။ ဒါပေမဲ့ ဒေသတွင်း သတင်းအချက်အလက်တွေ ရရှိဖို့ကတော့အကန့်အသတ်အများကြီးရှိနေတာကို တွေ့ရတယ် ။ ဘာလို့လဲဆိုတော့ ဒေသတွင်း မီဒီယာတွေအနေနဲ့ FM ရေဒီယိုတို့ ဘာတိုနဲ့ ချိတ်ပြီးတော့ ရေဒီယိုလိုင်းတွေကတစ်ဆင့် သတင်းအချက်အလက်ရအောင် ကြိုးစားပေးနိုင်တဲ့အပိုင်းကတော့ အများကြီးလိုအပ်ချက်ရှိတယ် ။ ဒေသမှာရှိတဲ့ပြည်သူတွေအနေနဲ့ ဒေသတွင်း သတင်းအချက်အလက်ကို အချိန်မီ နဲ့ လုံလုံလောက်လောက်ရဖို့ကတော့ အကန့်အသတ်တွေ အများကြီးကို ကြုံတွေ့နေရတဲ့အနေအထားဖြစ်ပါတယ် ။
DW ။ သတင်းအချက်အလက် ရရှိမှုနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာပြောပြပေးပါ ။
ဖြေ ။ ကျွန်တော်တို့ အနေနဲ့ လူတိုင်း သတင်းအချက်အလက် ရရှိပိုင်ခွင့်ရှိတာကို လက်ခံယုံကြည်ထားပါတယ် ။ ဒီအတွက်လည်းပဲ စာကြည့်တိုက်လုပ်ငန်းစဥ်တို့၊ စာစဥ်ဖြန့်တဲ့လုပ်ငန်းစဥ်တွေကို ဆောင်ရွက်နေတာရှိတယ်ပေါ့နော် ။ နောက်ပိုင်းမှာလည်း ပြည်သူတွေအနေနဲ့ သတင်းအချက်အလက် လုံလုံလောက်လောက်ရရှိဖို့အတွက် ဆက်ကြိုးပမ်းသွားဖို့ရှိပါတယ် ။
DW ။ ကျေးဇူးတင်ပါတယ်။
“သတင်းတွေကြည့်တာတို့ ရှယ်တာတွေ့ရင် ဖမ်းခံရမှာကြောက်တယ်”
ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦး
DW ။ ကိုယ့်ရဲ့နေ့စဉ်ဘဝအတွက် လိုအပ်တဲ့သတင်းအချက်အလက်တွေကို ဘယ်ကရယူနေတာလဲ။
ဖြေ ။ သတင်းတွေကတော့ ရွာဖက်ကိုဆင်းတာပဲဖြစ်ဖြစ် အဲဒီလိုမျိုး တစ်နေရာရာကို သွားတော့မယ်ဆိုရင်တော့ ဖုန်းဆက်ပြီးအရင်မေးရတာရှိတယ်။ လာလို့ရလားပေါ့နော်။ အဲလိုမျိုးမေးပြီးမှပဲသွားတယ်။ တခြားတိုက်ခိုက်နေတာတွေတော့ tiktok မှာလာလာပေါ်တာရှိတယ်။ ကိုယ်အရမ်းသိချင်တဲ့ သတင်းမျိုးရှိရင်တော့ ဥပမာ ကျွန်မတို့ဆွေမျိုးတွေရွာဖက်မှာ တိုက်ပွဲဖြစ်နေဆိုပြီး အသံကြားရင်တော့ သတင်း page တွေမှာ ဝင်ဝင်ကြည့်တာမျိုးတော့ရှိတယ်။
DW ။ ပုံမှန်ဆိုရင်ရော ဒေသတွင်းမှာ ဘာတွေဖြစ်နေတာလဲဆိုတာနဲ့ပတ်သတ်ပြီး သတင်းဌာနတွေကို ဝင်ကြည့်ဖြစ်လား။
ဖြေ ။ အဲလိုမျိုး တကူးတကကြည့်တာမျိုးတော့မရှိဘူး။ ပေါ်လာရင်တော့ ကြည့်လိုက်တယ်။ တခြားနေရာမှာဖြစ်နေတဲ့ သတင်းဆိုရင်တော့ ဆက်မကြည့်ဖြစ်တော့ဘူး။ ကိုယ့်ဆွေးမျိုးတွေရှိတဲ့ နေရာမှာဖြစ်တာဆိုရင်တော့ကြည့်ဖြစ်တယ်။
DW ။ ဘာဖြစ်လို့ သတင်းတွေပုံမှန်မဖတ်ဖြစ်တာလဲ။
ဖြေ ။ ကျွန်မတို့က မြို့ထဲမှာဆိုတော့လေ။ အဲလိုသတင်းတွေကြည့်တာတို့ ရှယ်တာတွေ့ရင် ဖမ်းခံရမှာကြောက်တယ်။ ညီမအသိထဲကပဲ သူက ချဲရောင်းတာနဲ့ပတ်သက်ပြီး သတင်းရှယ်လိုက်လို့ အဖမ်းခံရဖူးတယ်။ ၂၀၂၂ တုန်းကထင်တယ် ကြာတော့ကြာပြီအဲဒါဖြစ်တာ။ ကျွန်မတို့က သင်တန်းတွေသွားနေရတာဆိုတော့ ဖုန်းထဲမှာ သူတို့စစ်ရင် တွေ့မှာစိုးလို့ ဘာမှမလုပ်ရဲဘူး။ မကြည့်ရဲဘူး။
DW ။ ဒါဆိုရင် ကိုယ့်ဒေသမှာ ဘာတွေဖြစ်နေတယ်။ စစ်ဘေးရှောင်တွေ ဘယ်လောက်ရှိနေတယ်။ သူတို့ဘာတွေ အခက်အခဲဖြစ်နေတယ်ဆိုတာတွေ မသိဘူးပေါ့။
DW ။ တိုက်ပွဲတွေ ဟိုနားမှာ၊ ဒီနားမှာဖြစ်နေတာတွေတော့သိတယ်။ Tiktok မှာလာပေါ်နေတာကိုး။ ကိုယ့်သူငယ်ချင်းတွေကနေ ရေးတင်ကြတာတွေရှိတယ်လေ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့ရှိရင် တိုက်ပွဲဖြစ်နေတယ်ဆိုရင် ဖြစ်နေတယ် အဲလိုမျိုးပြောကြတာတွေရှိတယ်လေ။ စစ်ဘေးရှောင်တွေအကြောင်းတော့ သိတော့သိတယ်ပေါ့နော်။ တိုက်ပွဲဖြစ်လို့ ရှောင်နေကြရတယ်လောက်ပဲသိတယ်။ ဒီမှာလည်း အဲလိုလူတွေရှိနေတာပဲဆိုတော့ ကြားနေရတာပဲ။ အခက်အခဲတွေကိုတော့ အဲလိုအသေးစိတ်မသိဘူး။ ပြေးနေရတယ် အဲလောက်ပဲသိတာများတယ်။
DW ။ ကိုယ့်ဒေသမှာ တော်လှန်ရေးအခြေအနေဘယ်လိုရှိတယ်ဆိုတာမျိုးရော ကိုယ်တိုင်သုံးသပ်နိုင်ရဲ့လား။
ဖြေ ။ အဲဒါတွေကတော့ မပြောတတ်ဘူး။ ကျွန်မက နိုင်ငံရေးနဲ့ပတ်သက်တာတွေ နားမလည်ဘူး။
DW ။ ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေပဲဖြစ်ဖြစ် သူတို့ကျတော့ရော သတင်းအချက်အလက်တွေ ဘယ်လိုရယူနေကြတာလဲ။
ဖြေ ။ သူငယ်ချင်းတွေလည်း အတူတူပဲထင်တယ်။ အဲလိုမျိုး(နိုင်ငံရေးနဲ့ပတ်သတ်ပြီး) ပြောတာတစ်ခါမှမကြားဖူးဘူး။ ခုနားကပြောသလိုပဲ တိုက်ပွဲတွေဖြစ်နေတာကြားရတယ်ဆိုပြီး ပြောတာတွေပဲကြားဖူးတယ်။ အဲဒါတောင်မှ ကိုယ့်အချင်းချင်းရှိတဲ့အချိန်မှ ပြောကြတာ။ တခြားနေရာမှာဆို မပြောရဲသေးဘူး။
DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ မရှိပါဘူး။
“သတင်းအချက်အလက် အဆင်မပြေရင်တော့ ကျွန်တော်တို့ သွားမကူညီပေးဘူး”
မြိတ်အခြေစိုက်အရေးပေါ် လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦး
DW ။ အခု အစ်ကို တို့ အရေးပေါ်ကူညီကယ်ရေး လုပ်ငန်းတွေအတွက် သတင်းအချက်အလက် တွေကို ဘယ်လိုရယူနေလဲ ။ ဘာနေရာမှာ ဘာတွေဖြစ်နေလဲ ဆိုတာမျိုးပေါ့ ။
ဖြေ ။ တိုက်ပွဲတွေကတော့ အွန်လိုင်းပေါ်တက်လာမှ သိတယ် ။ တော်လှန်ရေး page တွေကလေ သူတို့တင်မှပဲ သိရတယ် ။ တော်လှန်ရေး နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သိပ်မသိဘူး ။ ကျွန်တော်တို့ Highway (ရပ်ဝေးလူနာလမ်းကြောင်း) အဲဒီနယ်ဘက်ခြမ်းမှာရှိတဲ့ ပရဟိတ အဖွဲ့တွေကို လှမ်းထောက်တယ် ။ ပြီးတော့ လမ်းကြောင်း ကောင်းမှသွားတယ် ။
DW ။ အစ်ကိုတို့ရရှိနေတဲ့ သတင်းအချက်အလက် တွေနဲ့ အစ်ကိုတို့ လုပ်နေတဲ့ ပရဟိတအလုပ်အတွက် အချိတ်အဆက်မိမိရှိရဲ့လား ။ လုံလောက်ရဲ့လား ။
ဖြေ ။ သတင်းအချက်အလက် အဆင်မပြေရင်တော့ ကျွန်တော်တို့ သွားမကူညီပေးဘူး ။ အခု မြိတ်(ပရဟိတ) အသင်းတွေလည်း နားထားတာများတယ် ။ ပုလောဘက်ခြမ်းတို့ ထားဝယ်တို့ ရန်ကုန်တို့သွားတာနားထားတယ် ။ ကော့သောင်းဘက်ခြမ်းဆိုရင်တော့ သွားပေးတယ် ။ အခုရက်ပိုင်းကလည်း တနင်္သာရီဘက်ခြမ်း လမ်းပိတ်ထားတယ် ။ အဆင်မပြေဘူး ။ သတင်းအချက်အလက်က မလုံလောက်ဘူးပဲပြောရမှာပေါ့နော် ။
DW ။ သတင်းအချက်အလက် ကောင်းကောင်း မရလို့ လူနာသယ်ပို့ရင်းနဲ့ အသက်ဆုံးရှုံးသွားရတာမျိုး ရှိဖူးလား ။
ဖြေ ။ အသက်ဆုံးရှုံးရတာတော့ရှိတယ်လေ ။ တခါတလေ ရန်ကုန်ကိုပို့တဲ့အချိန်မျိုးမှာ ဘုတ်လမ်းဆုံလိုနေရာမျိုးမှာ လမ်းပိတ်နေရင် ခရီးကရောက်သင့်တဲ့အချိန် မရောက်တော့ဘူးပေါ့ ။ အဲဒီလိုနဲ့ ဆုံးကြတယ် ။ တစ်ရာ ရာခိုင်နှုန်းမှာ နှစ်ဆယ်လောက်ဆုံးဖူးတယ် ။ ဒါပေမဲ့လမ်းအခြေအနေကောင်းတုန်းကဆို သတင်းအချက်အလက်လည်း ကောင်းကောင်းရနေတော့ တံခါးမရှိ ဓားမရှိသွားလို့ရတယ် ။ အခုက နိုင်ငံရေး မှာ အခြားကိစ္စတွေပါ ပါလာတယ် ။ နှစ်ဖက်စလုံးက စွပ်စွဲခံရတာတွေလည်းရှိတော့ အချို့လမ်းကြောင်းတွေ နားလိုက်တယ် ။
DW ။ မြိတ်မြို့ပေါ် မှာရော သတင်းအချက်အလက် ပြည့်ပြည့်ဝဝ ရတယ်လို့ခံစားရလား ။
ဖြေ ။ မြိတ်မြို့ပေါ်မှာဆိုရင်တော့ သတင်းအပြည့်အဝရတယ် ။ ကိုယ့်မြို့တွင်းမှာဆိုရင် ရပ်ကွက်တိုင်းက ပရဟိတ အသင်းတွေနဲ့ အချိတ်အဆက်ရှိတယ် ။ စကားပြောစက်တွေနဲ့ အဆင်သင့်ဖွင့်ထားကြတယ် ။ ဥပမာ ဗုံးတွေ ဘာတွေ ပေါက်ရင် စက်ကလှမ်းအော်ပေးတယ် ။ ဒီလိုဆိုတော့ အရေးပေါ်သတင်းက မြို့တွင်းမှာအပြည့်အဝရတယ် ။ အခြား သတင်းတွေက သိပ်မစုံစမ်းဖြစ်ဘူး ။ စီးပွားရေးလည်း အဆင်ပြေတယ်ပဲပြောရမယ် ။ အဖမ်းအဆီးတွေဘာတွေလည်း သိပ်မရှိတော့ ည ၁၂ နာရီအထိ လမ်းထွက်တဲ့လူတောင်ရှိတယ် ။ ပေါ်တာဆွဲတာတွေ ဘာတွေက အခုချိန်မှာတော့ပျောက်နေတယ် ။ ဘယ်ချိန်ထလုပ်မယ်တော့မသိဘူး ။ အင်တာနက်လိုင်းဆွဲအားကတော့ က Vpn ခံသုံးရတယ် ။
DW ။ သတင်းဌာနတွေက သတင်းတွေကိုရော စောင်ကြည့်ဖြစ်ရဲ့လား ။
ဖြေ ။ သတင်းဌာနတွေကိုတော့ သိပ်ဝင်မကြည့်ဘူး ။ တခါတလေ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ သတင်းတွေမျိုးတက်လာရင် အဲဒီနယ်ခံပရဟိတသတင်းတွေကို လှမ်းမေးကြည့်တာမျိုးလုပ်တယ် ။ အကိုတို့ Page (Dawei Watch) ကိုတော့ ဝင်ကြည့်ဖြစ်တယ် ။ ပုလော ကျောက္ကာလှေမြုပ်တဲ့ကိစ္စတုန်းကလည်း တင်ပေးနေတယ်ဆိုတော့ ဝင်ကြည့်ဖြစ်တယ် ။ တနင်္သာရီ တိုင်းအတွင်းက သတင်းအချက်အလက် လောက်တော့လက်လှမ်းမိတယ်ပေါ့ ။ မလွှဲတောင်ကျော်သွားရင်တော့ ကျွန်တော်တို့မသိတော့ဘူးပေါ့ ။ သတင်းအချက်အလက် ဆိုလို့ ပြောရမယ်ဆိုရင်တော့ တချို့ page အတု တွေက တင်နေတာမျိုးတွေ လည်းရှိတယ် ။ တိုက်ပွဲသတင်းတွေဆို တချို့တွေတက်လာတယ် တကယ်လှမ်းထောက်ကြည့်တော့ မဖြစ်ဘူး ။ အဲဒီလိုတွေကြောင့် သိပ်မကြည့်ဖြစ်တော့ဘူး ။
DW ။ ကျေးဇူးတင်ပါတယ် ။







