မိုးနှောင်းကာလတွင် မုန်တိုင်းများကြောင့် မိုးဆက်တိုက်ရွာနေသဖြင့် ထားဝယ်ခရိုင်အတွင်းက လယ်သမားများ စပါးရိတ်သိမ်းရန် အခက်ကြုံနေရကြောင်း လယ်သမားများထံမှ သိရသည်။
တန်ဆောင်မုန်းလပြည့်ကျော်လျှင် စပါးရိတ်သိမ်းနေပြီဖြစ်သော်လည်း ယခုနှစ်တွင် မိုးရွာနေသဖြင့် လယ်အများစု မရိတ်သိမ်း ရသေးသလို ရိတ်ပြီးသည့် စပါးအချို့လည်း မိုးရေထိ၍ အပင်ပြန်ပေါက်ကာ ဆုံးရှုံးမှု ရှိနေကြောင်း ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက ပြောသည်။
“မိုးက ဘုရားပွဲ(တန်ဆောင်တိုင်) မတိုင်ခင်မှာ မရွာတော့ဘူးဆိုတော့ ရိတ်တဲ့သူတွေ ရိတ်ကြတယ်။ အဲဒီစပါးတွေအကုန် ရေထိပြီး အပင်ပြန်ပေါက်နေတာပေါ့။ ကျန်တဲ့လယ်တွေလည်း အကုန်ရေဝင်နေတယ်” ဟု ၎င်းက ဆိုသည်။
စပါးရိတ်သိမ်းပြီးလျှင် လယ်မြေ၌ပင် အခြားသီးနှံများ ပြန်စိုက်လေ့ရှိပြီး ယခုနှစ်တွင်မှု အစားထိုးသီးနှံ စိုက်ပျိုးခြင်း နောက်ကျနိုင်ကြောင်း ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာမှ လယ်သူမတစ်ဦးက ပြောဆိုသည်။
“အခုပုံစံနဲ့ဆို စပါးက နတ်တော်လလောက်မှ ရိတ်ရတော့မယ်။ စပါးက နုတဲ့စပါးနုနေသေးတယ်။ အဲဒါဆိုတော့ အခြား ကိုင်းပင်တွေ ပြန်စိုက်ဖို့လည်းတွေလည်း နောက်ကျမယ်” ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့နယ်တွင်လည်း လယ်များအတွင်း ရေဝင်နေသဖြင့် မိုးမရွာသည့်တိုင် စက်ယန္တရားများ လယ်ထဲ ဆင်းနိုင်ရန် ရေလျော့ကျသည့်အထိ စောင့်ရမည်ဖြစ်သဖြင့် စပါးရိတ်ချိန်နောက်ကျမည်ဖြစ်ကြောင်း လယ်သမားတစ်ဦးက ဆိုသည်။
“ဒီလိုမျိုးကြုံနေရတာက လေးနှစ်လောက်တော့ရှိပြီ။ အခုနှစ်ကတော့ မုန်တိုင်းတွေ ဆက်တိုက်လာနေတော့ ပိုဆိုးတာပေါ့” ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် မုတ်သုံလေဆုတ်ခွာသွားပြီဖြစ်သော်လည်း မိုးအကုန် ဆောင်းအကူး မိုးနှောင်းကာလတွင် ထားဝယ်ဒေသ၌ မိုးရွာသွန်းမှု အားကောင်းနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ယခုရက်သတ္တပတ်တွင်လည်း ကယ်လ်မေဂီ မုန်တိုင်းအကြွင်းကျန်များကြောင့် တနင်္သာရီတိုင်းတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းကာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။







