မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းတစ်လျှောက်တွင် လမ်းပိတ်ဆို့မှုများဖြစ်နေကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံအချို့က ပြောသည်။
အဆိုပါကားလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရန် အင်အားရာချီသုံးကာ စစ်ကြောင်းများ ထိုးနေပြီး စစ်ရေးတင်းမာနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။
ယင်းသို့ စစ်ရေးတင်းမာပြီးနောက် ပလ၊ ပုလော၊ ပလောက်၊ သရက်ချောင်းစသည့် လမ်းပိုင်းတစ်လျှောက် ကားလမ်းများ နိုဝင်ဘာလ ၇ရက်တွင် ပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်နေကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူများက ပြောဆိုသည်။
“မနေ့ကတည်းက ကားတွေ ပုလော သဲပုံရွာမှာ ပိတ်တယ်။ ပလောက်မှာလည်း ပိတ်မိနေတယ်။ ဘယ်ချိန် ဘယ်လို ပြန်ဖွင့်မလဲ အတိအကျ မပြောနိုင်ဘူး” ဟု မြိတ်မြို့က ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၇ ရက်တွင် မြိတ်မြို့မှ ထားဝယ်၊ ရန်ကုန်သို့ သွားသည့်ကားများ ပလ၊ ပုလော၊ ပလောက်၊ သရက်ချောင်းတွင် အဆင့်ဆင့် ပိတ်မိနေပြီး အဆင်းကားများမူ ပုံမှန်တိုင်း သွားလာခွင့်ရနေကြောင်း ဒေသခံများက ဆိုသည်။
ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် မြိတ်-ထားဝယ် အတက်အဆင်း ကားများအားလုံး လမ်းတစ်လျှောက် အဆင့်ဆင့် ပိတ်မိနေကြောင်း ဒေသခံများနှင့် ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုသည်။
တော်လှန်ရေးအင်အားစုများက အချိန်ပိုင်း သွားလာခွင့်ပြုလျှင် သွားလာခွင့် ရသော်လည်း လမ်းတစ်လျှောက် အဆင့်အဆင့် ပိတ်မိသဖြင့် သွားလာရ အဆင်မပြေကြောင်း ၎င်းတို့က ဆိုသည်။
ပုလောမြို့နယ် ပလမြို့၊ ပလောက်မြို့နှင့် သရက်ချောင်းမြို့နယ်တို့ရှိ နေရာ ခြောက်ခုထက်မနည်းတွင် ကားများ ပိတ်မိနေကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။
အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို စစ်အာဏာရှင်တပ်က ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရန် စစ်အင်အားရာချီသုံးကာ ယင်းလမ်းကြောင်း တစ်လျှောက်ကို စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ တာဝန်ရှိသူများက ပြောဆိုထားကြသည်။
ယင်းသို့ စစ်ကြောင်းထိုးပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်တွင်လည်း မြိတ်-ထားဝယ် ကားလမ်း ပိတ်ခဲ့သေးသည်။







