BREAKING
November 8, 2025

ထားဝယ် ရှင်မုတ္ထီးရွာတွင် စစ်အာဏာရှင်တပ်က ဓာတ်ပုံရိုက်ပြီး လူစာရင်းကောက်

November 8, 2025

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် စစ်အာဏာရှင်တပ်က လူဦးရေစာရင်းကောက်ယူပြီး မိသားစုဝင်များကိုလည်း မှတ်တမ်းဓာတ်ပုံ ရိုက်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၆ရက် နံနက် ၁၀နာရီခန့်တွင် ရွာသို့ စစ်အာဏာရှင်တပ်သားများ မြေတင်ကားဖြင့် ရောက်ရှိလာကာ ဘုန်းကြီးကျောင်း၌ တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် ကျေးရွာအတွင်း တပ်ဖြန့်ခဲ့ပြီး တစ်ရွာလုံးကို စာရင်းကောက်ခြင်းမဟုတ်ဘဲ ရှင်မုတ္ထီး ရွာလယ်လမ်းအတွင်းရှိ နေအိမ်များကိုသာ စာရင်းကောက်ကြောင်း ၎င်းတို့က ဆိုသည်။

“ရွာလယ်လမ်း တစ်လမ်းတည်း စာရင်းယူသွားတယ်။ အိမ်မှာရှိတဲ့ မိသားစုဝင်တွေကို ဓာတ်ပုံ ရိုက်သွားတယ်။ ဘာအတွက်လဲ မပြောသွားဘူး။ ကိုယ့်ဓာတ်ပုံတွေ ဘယ်နေရာမှာ သုံးမယ်မှန်းမသိတော့ စိတ်ပူနေရတယ်” ဟု ရှင်မုတ္ထီးရွာသားတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သားများက ကင်းယူ၍ အရပ်ဝတ် ဝတ်ထားသူအချို့က ယင်းသို့ စာရင်းကောက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သားများသည် လူစာရင်းကောက်နေချိန် ရှင်မုတ္ထီးရွာ ပတ်ဝန်းကျင်ရွာများတွင်လည်း နေရာယူခဲ့ကာ နိုဝင်ဘာလ ၇ ရက် ညနေပိုင်းတွင် ရှင်မုတ္ထီးရွာမှ ပြန်လည်ထွက်ခွာသွားကြောင်း ရွာသားများထံမှ သိရသည်။

ယင်းအပြင် လောင်းလုံးနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်တပ်က လူစာရင်း လိုက်လံကောက်ယူနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း အိမ်ငှားနေသူ၊ အခန်းငှားနေသူများနှင့် ဧည့်စာရင်း ဖြင့်နေသူများကို မဲစာရင်း အတွက်ဟုဆိုကာ ကိုယ်ရေးအချက်အလက်နှင့်တကွ ဓာတ်ပုံတစ်ပုံစီကို တောင်းယူ၍ အောက်တိုဘာ လဆန်းကတည်းက ရပ်ကျေး စစ်ကော်မရှင်အဖွဲ့ဝင်များက စာရင်းကောက်ယူနေကြောင်း ကိုယ်တိုင်ကြုံရသူများက ပြောသည်။