လောင်းလုံးမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် ယနေ့ နိုဝင်ဘာလ ၈ရက် နံနက် ၆နာရီကျော်က ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ပျက်စီးကြောင်း မြို့ခံအချို့က ပြောသည်။
“ပေါက်ကွဲသံက အကျယ်ကြီးပဲ။ ခဏနေတော့ မီးခိုလုံးကြီးထွက်လာတယ်။ (ဒီနေ့ မနက်) ၇နာရီလောက်ထိ မီးလောင်နေတုန်းပဲဆိုတော့ ဘာမှ မကျန်တော့ဘူး။ ပြာဖြစ်သွားပြီ” ဟု ၎င်းက ပြောဆိုသည်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမကြောင်းလည်း မြို့ခံအချို့က ဆိုသည်။
မြို့ခံအချို့က ဖောက်ခွဲခံရခြင်းဖြစ်သည်ဟု ပြောဆိုကြပြီး Dawei Watch အနေဖြင့်မူ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးပေ။
ပေါက်ကွဲပြီး တစ်နာရီခန့်အကြာ မနက် ၇ နာရီခန့်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပေါက်ကွဲမှုဖြစ်ပွားနေရာသို့ ရောက်လာခြင်း မရှိကြောင်း မြို့ခံအချို့က ပြောသည်။
ပေါက်ကွဲမှုဖြစ်သည့် ကြံ့ခိုင်ရေးပါတီရုံးသည် လောင်းလုံးမြို့မ ရဲစခန်းနှင့် မီတာ ၆၀၀ ကျော် အကွာအဝေးတွင် တည်ရှိသည်။







