မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီး မင်းပြင်ရွာက နေအိမ်တစ်ဆယ်ကျော်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၄ရက်တွင် မင်းပြင်ရွာ မျော့အင်းရပ်ကွက်က နေအိမ် သုံးလုံး၊ ၆ ရက်တွင် နေအိမ် ခုနစ်လုံး၊ ယနေ့ အောက်တိုဘာလ ၈ရက်တွင် တစ်လုံး စုစုပေါင်း နေအိမ် ၁၁ လုံး မီးရှို့ခံရကြောင်း ၎င်းတို့က ပြောသည်။
ပလမြို့ပေါ်နှင့် မင်းပြင်ရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာများတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်မှာ နှစ်လကျော် ကြာလာပြီဖြစ်ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူအချို့က ဆိုသည်။
“တော်လှန်ရေးတပ်တွေနဲ့ ပက်သက်ဆက်စပ်မှု မရှိလည်း ရှို့တာပဲ။ (စစ်အာဏာရှင်တပ်) စခန်းချနေမယ့်နေရာ အနီးတဝိုက် ဆိုရင်လည်း လာတိုက်ခိုက်နိုင်မယ် အိမ်ကာကွယ်တွေရှိနေရင်လည်း ရှို့ပစ်တယ်” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ပျားအုံက ပြောသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ပုလောမြို့နယ် ပလောက်၊ ပလမှ မြိတ်မြို့အထိ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးကို စိုးမိုးထိန်းချုပ်နိုင်ရန်နှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုလမ်းတစ်လျှောက်ကို စစ်ကြောင်းထိုးနေကြောင်း ၎င်းက ဆိုသည်။
“အခုက များကြီးအသေခံပြီးမှ မင်းပြင်ရွာမှာပဲ ရှိနေသေးတယ်ဗျာ။ အဓိက ကတော့ ပြည်ထောင်စုလမ်းမကြီးကို စကမ တပ်တွေက နယ်မြေရှင်းနေတာ အခုအထိတော့ ပလမြို့အနီးက မင်းပြင်ရွာမှာပဲ ရှိနေသေးတယ်” ဟု တပ်ရင်းမှူး ဗိုလ်ပျားအုံက ပြောဆိုသည်။
နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး အောက်တိုဘာလ ၂ ရက်ကလည်း မင်းပြင်ရွာထဲကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သလို ပွင့်ဖိုက်စက်သေနတ်ဖြင့်ပါ လှည့်ပတ် ပစ်ခတ်ခဲ့သေးသည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်း၊ ရေကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပလမြို့ခံများနှင့် မင်းပြင်ရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာက ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။







