ထိုင်း-မြန်မာနယ်စပ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ထိန်းချုပ်ထားသည့် ထီးခီးရွာကို စစ်အာဏာရှင်တပ်က ယနေ့ အောက်တိုဘာလ ၈ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် ဗုံးထပ်ကြဲကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။
ယနေ့ နံနက်အစောပိုင်းက ထီးခီးရွာကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခိုက်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှု နှစ်ခုစလုံးတွင် အဆောက်အအုံနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။
“သူတို့လုပ်ရပ်က အကြမ်းဖက်လုပ်ရပ်အတိုင်းပဲ။ ပြည်သူလူထုက အခက်အခဲပေါင်းစုံနဲ့ နေရတာ။ သူတို့က ထပ်ပြီးတော့ ပြည်သူလူထုကို ကြောက်ရွံ့အောင် သူတို့လုပ်တာ၊ ဗုံးကြဲတာ နေအိမ်တွေပျက်စီးအောင် လိုက်ပြီးတော့ ဗုံးကြဲတာ၊ ပြီးတော့ တခြားနိုင်ငံမှာလည်း နယ်စပ်တစ်လျှောက်မှာ မတည်မငြိမ်ဖြစ်အောင် သူတို့လုပ်ဆောင်နေတာဖြစ်တယ်” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။
စစ်အာဏာရှင်တပ်က ထိုင်းနယ်စပ်အနီး ထီးခီးဘက်ခြမ်းတွင် လေကြောင်းဖြင့် ဗုံးကြဲမှုကို အကြိမ်ကြိမ် လုပ်ဆောင် နေသော်လည်း ထိုင်းအစိုးရဘက်က အရေးတယူ တုံ့ပြန်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။
နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲမဖြစ်ရ၊ လေကြောင်းဖြင့် ဗုံးမကြဲရဆိုသည့် နှစ်နိုင်ငံသဘောညီချက်နှင့် နိုင်ငံတကာ သဘောတူညီချက်ကို စစ်အာဏာရှင်တပ်က ဖောက်ဖျက်ရာရောက်ကြောင်း ပဒိုစောအယ်နားက ဆက်လက်ပြောဆိုသည်။
လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ထီးခီးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထီးခီးရွာက ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ဆိုသည်။
“အခုထွက်ပြေးလာရတယ်။ လာကြဲချမှသိရတာ၊ လူတွေတော့ မထိဘူး” ဟု ယနေ့ နံနက်ပိုင်း လေယာဉ်ဗုံးကြဲမှု အခြေအနေကို ၎င်းက ပြောသည်။
ယနေ့ နံနက်တွင် Y-12 လေယာဉ်ဖြင့် ထီးခီးရွာကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်အတွင်း ၁၂၀ မမ အလုံးရေ ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၅၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။







