ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ခါးနာသက်သာရန် ဖားအရှင် စားသည့် တရုတ်အမျိုးသမီး ဆေးရုံတင်ရ

October 8, 2025

တရုတ်နိုင်ငံ၊ ကျဲကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင် အသက် ၈၂ အရွယ် အမျိုးသမီးတစ်ဦးသည် ဖားအရှင် ရှစ်ကောင်ကို စားသောက်ပြီးနောက် ဆေးရုံတင်ရကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဖားအရှင်ကို စားလျှင် ခါးအောက်ပိုင်းနာကျင်မှု သက်သာသည်ဆိုသော ရှေးအယူအဆကို ယုံကြည်မိကာ စက်တင်ဘာလ အတွင်း ယင်းသို့ စားသောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခါးအောက်ပိုင်းနာကျင်မှုဝေဒနာကို ကာလရှည်ခံစားနေရသည့် အဆိုပါ အမျိုးသမီးသည် သူမ၏ ရည်ရွယ်ချက်ကို မပြောပြဘဲ မိသားစုဝင်များအား ဖားအရှင် ဖမ်းလာစေခဲ့ကြောင်း ဖော်ပြသည်။

ပထမနေ့တွင် ဖားအရှင် သုံးကောင်ကို စားခဲ့ပြီး ဒုတိယနေ့တွင် ကျန်နေသေးသည့် ဖားအရှင် ငါးကောင်ကို စားခဲ့ကြောင်း ဆိုသည်။

ကနဦးတွင် မအီမသာ ဖြစ်နေခဲ့သော်လည်း နောက်ပိုင်းတွင် နာကျင်မှုဝေဒနာမှာ ပိုပြင်းထန်လာခဲ့သည်။

ထိုအချိန်မှ ဖားများကို မချက်မပြုတ်ဘဲ စားသောက်ထားကြောင်း မိသားစုဝင်များကို ပြောပြခဲ့ပြီး သူမအား ဆေးရုံတင်လိုက်ရသည်။

“ကျွန်တော့်အမေ နာကျင်လွန်းလို့ လမ်းတောင်မလျှောက်နိုင်ဘူး” ဟု သူမ၏ သားဖြစ်သူက ဆရာဝန်များကို ပြောပြခဲ့သည်။

ဆရာဝန်များက စစ်ဆေးပြီးနောက်တွင် သူမတွင် ကပ်ပါးပိုးကူးစက်နေကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ဖားများကို မချက်မပြုတ်ဘဲ စားသောက်သဖြင့် လူနာ၏ အစာခြေစနစ်ကို ထိခိုက်စေကြောင်း ဆရာဝန်တစ်ဦးက မီဒီယာများကို ပြောသည်။

သူမသည် ဆေးရုံတွင် နှစ်ပတ်ကြာ ကုသမှုခံယူပြီးနောက် အိမ်ပြန်နိုင်ခဲ့ပြီဖြစ်ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။

Source: South China Morning Post