ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေး-ထားဝယ် ကားလမ်း လော့သိုင်းရွာအနီး နှစ်ဖက်ထိတွေ့ပစ်ခတ်

October 8, 2025

ပုံစာ - တော်လှန်ရေး ရဲဘော်များအား တွေ့ရစဥ် (ပုံဟောင်း) ဓာတ်ပုံ – KBDF

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နှင့် မလွှဲတောင်ကြားရှိ လော့သိုင်းရွာဝန်းကျင်တွင် ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

လော့သိုင်းရွာသည် ရေး-ထားဝယ် ကားလမ်းမပေါ်တွင် တည်ရှိသည် ကျေးရွာဖြစ်သည်။

မိနစ် ၃၀ ခန့်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် အခြေအနေပြန်ငြိမ်နေကာ လမ်းပိုင်းတွင်လည်း ပုံမှန်သွားလာ၍ ရနေဆဲဖြစ်ကြောင်း လမ်းပိုင်းရှိ ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက ပြောသည် ။

ယင်းလမ်းပိုင်း၌ စစ်ရေးလှုပ်ရှားမှု ပြုလုပ်သည့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုမှ ဒေါနစစ်ကြောင်း ၃ စစ်ကြောင်းမှူးအား မေးမြန်းရာ ထိတွေ့မှု ရှိခဲ့သည်ကို အတည်ပြုနိုင်ပြီး နှစ်ဖက်ထိခိုက်မှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ဆိုသည်။

စစ်အာဏာရှင်တပ်သား တစ်ရာကျော်သည် လတ်တလောတွင် ရေး-ထားဝယ်ကားလမ်းပိုင်း ရာဖူးရွာသစ်တွင် နေရာယူထားပြီး ပြီးခဲ့သည့် စက်တင်ဘာလဆန်းအထိ စစ်ရေးတင်းမာကာ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့သည်။

စစ်ရေးတင်းမာခဲ့သဖြင့် ရက်ရှည်ကားလမ်းပိတ်ခဲ့ပြီး လမ်းပိုင်းရှိ ရွာသားများထွက်ပြေးခဲ့ရကာ စက်တင်ဘာလနှောင်းတွင် စစ်ဘေးရှောင် အချို့နေရပ်ပြန်လာကြကြောင်း ရွာသားများထံမှ သိရသည်။

တိုက်ပွဲများ တစ်လဝန်းကျင်အကြာ ငြိမ်သက်ပြီးနောက် ယနေ့တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ပြန်ရှိလာခြင်း ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။