ဘန်ကောက်မြို့အနီး စမွတ်ပရာကန်ပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးခြံတစ်ခုတွင် သစ်ပင်ခုတ်နေသည့် ထိုင်းလူမျိုး အလုပ်သမားတစ်ဦး ပုရွက်ဆိတ်အကိုက်ခံရ၍ သေဆုံးမှု အောက်တိုဘာ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားသည့် နေရာမှာ စမွတ်ပရာကန်ခရိုင်၊ ဘန်းဘိုဝါနယ်မြေ၊ ခလောဒန်ဒေသ ရှိ ဆွိုင်ဆာဝမ်အာရုံဘုရားကျောင်းအနီးမှ စိုက်ပျိုးမွေးဖြူရေးခြံတစ်ခု ဖြစ်သည်။
သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ် အဲကဖန် ထီးယန်ဖန်ထောင် ဆိုသူ ထိုင်းလူမျိုး ခြံအလုပ်သမားတစ်ဦး ဖြစ်သည်။
အခင်းဖြစ်ပွားနေသည့်နေ့တွင် အဲကဖန်နှင့် နောက်ထပ်အလုပ်သမားတစ်ဦးအား ခြံအတွင်း ငါးမွေးကန်ဘေးမှ သစ်ပင်များကို ခုတ်ပေးရန် အလုပ်ရှင်က ညွှန်ကြားခဲ့သည်။
အဲကဖန်သည် သစ်ပင်ပေါ် တက်သွားခဲ့ပြီးနောက် မကြာမီ ၎င်းအား ပုရွက်ကိုက်ခံနေရကြောင်း နာကျင်စွာ အော်ဟစ်ပြောဆိုခဲ့သည်။
ယင်းနောက် သစ်ပင်ပေါ်မှ ၎င်း ပြန်ဆင်းဖို့ လုပ်ချိန်တွင် သစ်ပင်ပေါ်မှ မြေကြီးပေါ်သို့ ရုတ်တရက် ပြုတ်ကျသွားခဲ့သည်။
အလုပ်ရှင်နှင့် အခြားအလုပ်သမားက ၎င်းထံ အလျင်အမြန် ပြေးလာပြီး ၎င်းအား ရှူဆေးဘူးပေးပြီး မျက်နှာကို ရေအေးဖြင့် သုတ်ပေးခဲ့သော်လည်း ၎င်း၏ အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားလာခဲ့သည်။
အဲကဖန်သည် တက်ပြီး သတိမေ့သွားခဲ့၍ ကယ်ဆယ်ရေးသမားများကို ဖုန်းဆက်ခေါ်ခဲ့သော်လည်း မကြာမီ သေဆုံးသွားခဲ့သည်။
၎င်းမှာ ပက်လက်လှန်အနေအထားဖြင့် ကိုယ်လက်အင်္ဂါများ တောင့်တင်းကာ လက်သီးဆုပ်လျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
၎င်းသေဆုံးချိန်၌ ခန္ဓာကိုယ်ပေါ်တွင် ပုရွက်ဆိတ်ကိုက်ရာ အမှတ်အသားများမှလွဲ၍ အခြားပြင်းထန်သော ဒဏ်ရာကြီးကြီးမားမား ရရှိထားသည်ကို မတွေ့ရပေ။
ရင်ခွဲရုံ၌ စစ်ဆေးပြီးနောက်တွင် သေဆုံးသူမှာ ပုရွက်ဆိတ်များ၏ အဆိပ်ကြောင့် အသက်သေဆုံးလောက်သော ဓာတ်မတည့်မှုကို ခံစားခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ယူဆကြသည်။
အလုပ်ရှင်ဖြစ်သူက သေဆုံးသွားသည့် ခြံအလုပ်သမားမှာ ၎င်းနှင့်အတူ အလုပ်လုပ်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဖြစ်၍ သေဆုံးသူအား မိမိသားအရင်းကဲ့သို့ ချစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့သည်။
အခြားအလုပ်သမားတစ်ဦးက ၎င်းကိုယ်တိုင်လည်း ပုရွက်ဆိတ်နှစ်ကြိမ် အကိုက်ခံခဲ့ရသော်လည်း အဲကဖန်ကဲ့သို့ ပြင်းပြင်းထန်ထန် ခံစားခဲ့ရခြင်း မရှိဟုဆိုသည်။
သေဆုံးသူ အဲကဖန်၏ မိခင်ဖြစ်သူက သူမသား သေဆုံးမှုနှင့် ပတ်သက်၍ သံသယမရှိကြောင်း၊ နှစ်ပေါင်းများစွာ အတူတကွ လုပ်ကိုင်လာခဲ့ပြီးနောက် အလုပ်ရှင်က သူမ၏ သားကို စိတ်ရင်းမှန်ဖြင့် ဂရုစိုက်စောင့်ရှောက်ခဲ့သည်ဟု ယုံကြည်ကြောင်း ၊ ယင်းကြောင့် သူမသား သေဆုံးမှုအတွက် အလုပ်ရှင်ကို အပြစ်မတင်ကြောင်း ပြောဆိုခဲ့သည်။
Source: Thaiger







