BREAKING
December 3, 2025

ထီးခီးရွာကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးအလုံး ၄၀ ကျော်ကြဲချ

October 8, 2025

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) ထိန်းချုပ်ထားသည့် ထီးခီးရွာကို စစ်အာဏာရှင်လေတပ်က Y-12 လေယာဉ်ဖြင့် ယနေ့ (အောက်တိုဘာ ၈) မနက်အစောပိုင်းတွင် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။

ယနေ့ မနက် ၈ နာရီကျော်မှစကာ Y-12 လေယာဉ်ဖြင့် ၁၀ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်ကြိမ်တွင် ဗုံးအလုံးရေ ၄ လုံး ၅ လုံးခန့်ဖြင့် ဗုံးသီးအလုံးရေ ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“သူကရွာထဲမှာလိုက်ချတာပေါ့နော်၊ ရွာသားတွေလည်းကြောက်တယ်၊ အဆောက်အအုံတချို့တော့ ထိခိုက်မှုရှိတာပေါ့နော်၊ လူကတော့ အဆင်ပြေပါတယ်” ဟု ပဒိုစောအယ်နားက ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးခီးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား‌ ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ထားဝယ်ခရိုင်နှင့်ထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ်က နတ်အိမ်တောင်စခန်းမှလွဲ၍ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ တပ်စခန်းများကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ်တွင် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၁၉ ရက်တွင် ထီးထစခန်း၊ မေလ ၉ ရက်တွင် ထီးခီးနယ်စပ်စခန်း၊ ဇွန်လ ၁၀ ရက်တွင် ဗောဓိစခန်း၊ ဇူလိုင်လ ၇ ရက်တွင် သုခစခန်းများကို KNLA နှင့်တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာ ထီးခီးနယ်စပ်ဒေသတစ်ခုလုံးကို KNU ကထိန်းချုပ်ထားသည်။