နိုင်ငံအတွင်း အသက် ၁၅ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ပိတ်ပင်ရန် စီစဉ်နေကြောင်း ဒိန်းမတ်အစိုးရက အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ဖော်အသိပေးလိုက်သည်။
သို့သော် အသက် ၁၅ နှစ်အောက် ကလေးများအတွက် မည်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ဒိန်းမတ်အစိုးရက ပိတ်ပင်သွားမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မည်သည့်နည်းလမ်းများဖြင့် လက်တွေ့ပိတ်ပင်သွားမည်ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ အင်္ဂါနေ့က လွှတ်တော်တွင် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က “ကျွန်မတို့ မကောင်းဆိုးဝါးတစ်ကောင် လွှတ်ပေးလိုက်မိပြီ” ဟု ပြောဆိုခဲ့သည်။
“ဆဲလ်ဖုန်းနဲ့ ဆိုရှယ်မီဒီယာက ကျွန်မတို့ ကလေးတွေရဲ့ ကလေးဘဝကို လုယူနေတယ်” ဟု သူမက ပြောသည်။
အသက် ၁၁ မှ ၁၉ နှစ်အကြား ဒိန်းမတ်နိုင်ငံသား ယောကျ်ားကလေးများ၏ ၆၀ ရာခိုင်နှုန်းမှာ သူငယ်ချင်းများနှင့် အချိန်ကုန်ဆုံးရသည်ထက် အိမ်မှာ နေရသည်ကိုသာ ပိုနှစ်သက်လာကြောင်း သူမက ထောက်ပြသည်။
ဒိန်းမတ်လူငယ်များ၏ ၉၄ ရာခိုင်နှုန်းသည် အသက် ၁၃ နှစ် မပြည့်မီကတည်းက ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်ဖြင့် သုံးစွဲနေကြောင်း ယခုနှစ်အတွင်း ထွက်ပေါ်လာသည့် သုတေသနရလဒ်တစ်ခုက ဖော်ပြသည်။
အသက် ၉ နှစ်မှ ၁၄ နှစ်အကြား ကလေးသူငယ်များမှာ TikTok နှင့် Youtube ကို တနေ့လျှင် ပျမ်းမျှ ၃ နာရီခန့် သုံးစွဲနေကြောင်းလည်း အဆိုပါ သုတေသနက ဖော်ပြသည်။
၂၀၂၄ ခုနှစ်က ဒိန်းမတ်နိုင်ငံတွင် လူပေါင်း ၅၀,၀၀၀ ခန့်က TikTok ၊ Snapchat နှင့် Instagram ကို ပိတ်ပင်ရန် လက်မှတ်ထိုးတောင်းဆိုခဲ့သည်။
လူငယ်များအကြား အင်တာနက်သုံးစွဲမှု၏ ဆိုးကျိုးများကို ကာကွယ်ရန် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုများတွင် ဩစတြေးလျက ဦးဆောင်လျက် ရှိသည်။
၂၀၂၄ ခုနှစ်တွင် ဩစတြေးလျပါလီမန်က အသက် ၁၆ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ပိတ်ပင်သည့် ဥပဒေကို ပြဌာန်းခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် “ဒစ်ဂျစ်တယ်အရွယ်ရောက်ချိန် အသက်အပိုင်းအခြား” ကို သတ်မှတ်ပြီး ကလေးများအနေဖြင့် မိဘများ၏ ခွင့်ပြုချက်မပါဘဲ ဆိုရှယ်မီဒီယာသုံးစွဲခွင့် မရှိစေရန် ယခုနှစ် ဇွန်လတွင် ဂရိအစိုးရက အဆိုပြုခဲ့သည်။
Source: AFP/fs/lh